အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၃)

( English Version )

၇။ Connaught Place

Photo Credit ~ Google

စီပီ (CP – Connaught Place) လူသိများတဲ့ ရှော့ပင်းထွက်ဖို့ နေရာကောင်းတစ်ခု ဖြစ်သလို လျှောက်လည်၊ လျှောက်ကြည့်ဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။

စီပီဟာ ဒေလီရဲ့ စီးပွားရေးအချက်အချာအကျဆုံးနေရာ၊ လူအစည်ကားဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ အဝိုင်းပတ်ပုံစံကို နှစ်လွှာခွဲထားပြီး အပြင်ဝိုင်း၊ အတွင်းဝိုင်းဆိုပြီး ခေါ်ကြပါသေးတယ်။ အပြင်ဝိုင်းမှာဆိုရင်တော့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ စာအုပ်ဆိုင်တွေ၊ မုန့်ဆိုင်တွေနဲ့ ပြည့်နှက်နေပြီး အတွင်းဝိုင်းမှာဆိုရင်တော့ များသောအားဖြင့် လမ်းဘေးဆိုင်လေးတွေ၊ အိန္ဒိယထွက် လက်မှုပစ္စည်းလေးတွေ၊ ခမ်းနားတဲ့ branded ဆိုင်ကြီးတွေနဲ့ ပြည့်နေပြီး အလည်ခေါင်မှာဆိုရင်တော့ ပန်းခြံတစ်ခုရှိပါတယ်။ ပန်းခြံရဲ့အပေါ်မှာ ထောင်ထားတဲ့ အလွန်တရာကြီးမားတဲ့ အိန္ဒိယအလံကြီးကို ထောင်ထားတာမြင်ရမှာပါ။ နောက်ပြီးတော့ ဂန္ဒီရဲ့အမှတ်သင်္ကေတဖြစ်တဲ့ ဗိုင်းငင်စက်ကြီးကိုပါ မြင်တွေ့နိုင်ပါတယ်။

ပန်းခြံရဲ့အောက်ဘက်မှာတော့ မြေအောက်ဈေးကြီးရှိပါတယ်။ များသောအားဖြင့် မြေအောက်ဈေးမှာ အဝတ်အထည်ဆိုင်တွေ ဖုန်းဆက်စပ်ပစ္စည်းဆိုင်တွေ၊ လက်မှုပစ္စည်းဆိုင်၊ ဖန်စီပစ္စည်းဆိုင်တွေရှိပါတယ်။

အဲဒီ စီပီတစ်ဝိုက်ဟာ ဒေလီကိုလာလည်ကြတဲ့သူတွေရော ဒေသခံတွေနဲ့ရော အမြဲတမ်းလိုလို လှုပ်ရှားသက်ဝင်နေတတ်တာမို့ လူတွေကိုငေးမောဖို့၊ ရှော့ပင်းထွက်ဖို့၊ စားချင်တဲ့မုန့်တွေပတ်စားဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

Photo Credit ~Google

Tips by Chaw

  • လူစည်ကားတဲ့နေရာမို့ ဈေးတင်ရောင်းကြတာများတဲ့အတွက် တစ်ခုခုဝယ်မယ်ဆိုရင် ဈေးဆစ်ကြည့်ပါ။
  • ညနေဘက်လောက်သွားပြီး ရှော့ပင်းထွက် ညဘက်ရောက်ရင်လည်း အဲဒီ စီပီတစ်ဝိုက်မှာပဲ ဒေလီရဲ့ Night Life ကိုတွေ့မြင်ခံစားကြည့်နိုင်ပါတယ်။
  • ချော သဘောအကျအရာကတော့ စာအုပ်အဟောင်းတွေ၊ replica စာအုပ်တွေ၊ သတင်းစာ ဂျာနယ် မဂ္ဂဇင်း၊ ဝတ္ထုတွေရောင်းတဲ့ စာအုပ်ဆိုင်လေးတွေ ဟိုထောင့် ဒီထောင့်မှာတွေ့ရခြင်းပါပဲ။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် မွှေနှောက်လို့အကောင်းဆုံးနေရာပါ။
  • နောက်တစ်ခုက အိန္ဒိယ လက်မှုပစ္စည်းလေးတွေ၊ အထူးသဖြင့် နားဆွဲတွေ၊ ဆွဲကြိုးတွေ၊ လက်ကောက်တွေကို အိန္ဒိယမူလေးနဲ့ပြုလုပ်ထားတာမို့ တမျိုးတမည် လှပထူးဆန်းတောက်ပနေပါတယ်။ Fancy ပစ္စည်းလေးတွေကိုကြိုက်တတ်တဲ့သူတွေအတွက် စီပီက ဆိုင်လေးတွေမှာ ကြိုက်သလိုသာရွေးဝယ်ကြပါ။ ဈေးဆစ်ဖို့တော့ မမေ့နဲ့နော်။
  • အစားအသောက် – စီပီတစ်ဝိုက်မှာ စားသောက်ဆိုင်တွေအရမ်းပေါပါတယ်။ ဒံပေါက်စားမလား၊ အိန္ဒိယစာစားမလား၊ တရုတ်အစားအစာစားမလား၊ ဒါမှမဟုတ် ကေအက်ဖ်စီတို့ ဘာဂါတို့စားမလား အစုံရှိပါတယ်။ နောက်ပြီး လမ်းဘေးစာ Street food လေးတွေလည်းရှိပနော်.. အိန္ဒိယက လမ်းဘေးစာတွေက ဘယ်လိုမျိုးလဲသိချင်ရင် စီပီနားတဝိုက်က လမ်းဘေးစာလေးတွေမြည်းစမ်းကြည့်ပေါ့။

၈။ Raj Ghat

Raj Ghat ကတော့ အိန္ဒိယနိုင်ငံရဲ့ဖခင်ကြီးလို့တင်စားကြတဲ့ မဟတ္တမဂန္ဒီ သဂြိုလ်ရာနေရာဖြစ်ပါတယ်။ ကွင်းလယ်ခေါင်မှာ ရှိနေတဲ့ အနက်ရောင်စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့စင်ကြီးဟာ ၁၉၄၈ ခုနှစ်မှာ ဂန္ဒီလုပ်ကြံခံရပြီးနောက် သဂြိုလ်ခဲ့တဲ့နေရာကို အမှတ်အသားပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အနက်ရောင်စင်ပေါ်မှာ အမြဲတမ်းထွန်းညှိထားတဲ့ မငြိမ်းသောမီးကို တွေ့ရမှာဖြစ်ပြီး ဂန္ဒီကိုအောက်မေ့သတိရခြင်းနှင့်အတူ ဂန္ဒီရဲ့စိတ်ဆန္ဒများဟာ အမြဲတမ်းရှင်သန်လျက်ရှိသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Raj Ghat ရဲ့အနီးအနားတဝိုက်မှာဆိုရင် အခြားသော နာမည်ကျော်ကြားတဲ့ ခေါင်းဆောင်တွေရဲ့ သဂြိုလ်ရာနေရာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ဟောင်း နီရူး၊ အင်ဒီရာ ဂန္ဒီ၊ ရာဂျီဗ် ဂန္ဒီ စတဲ့ ဝန်ကြီးချုပ်ဟောင်းများ၊ သမ္မတဟောင်းများရဲ့ သဂြိုလ်ရာနေရာတွေရှိပါတယ်။ Raj Ghat အဝင်းကြီးဟာ တော်တော်ကျယ်ဝန်းပြီးတော့ သစ်ပင်ပန်းပင်များနဲ့ စိမ်းလန်းစိုပြေပြီး အေးချမ်းလှပါတယ်။

ဂန္ဒီကိုလာရောက်ဂါရဝပြုသူများနဲ့စည်ကားလှသလို အနီးအနားက စိမ်းလန်းလှတဲ့ ပန်းခြံဝန်းထဲမှာ လာရောက်အပန်းဖြေနားနေသူများဖြင့်လည်း စည်ကားလှတဲ့နေရာတစ်ခုဖြစ်ပါတယ်။

Tips by Chaw

  • ဝင်ကြေးပေးရန်မလိုပါ။
  • မဟတ္တမဂန္ဒီ သဂြိုလ်ရာနေရာကိုဝင်ရောက်ဖို့ အပြင်မှာ ဖိနပ်ချွတ်ခဲ့ရမှာပါ။
  • နေ့စဉ် မနက် ၆ခွဲကနေ ညနေ ၅နာရီအထိဖွင့်ပါတယ်။

၉။ Step well – Agrasen ki Baoli

လှေကားထစ်တွေနဲ့တည်ဆောက်ထားတဲ့ ရေတွင်းလိုမျိုးကို ဘောလိဝုဒ်ကားတွေမှာ မြင်ဖူးကြမှာပါ။ Agrasen Ki Baoli က ချော ပထမဆုံး အပြင်မှာမြင်ဖူးတဲ့ Step well တစ်ခုပါ။ ဒီ Step well ဟာ ၁၄ရာစုလောက်ကတည်းက တည်ဆောက်ထားတဲ့ Step well တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုးရေတွင်းမျိုးကို အိန္ဒိယနိုင်ငံအနှံ့အပြားမှာ တွေ့မြင်နိုင်သလို သမိုင်းကြောင်းအရကတော့ Agrasen ဆိုတဲ့ ဘုရင်က ကျောက်နီခဲတွေကိုအသုံးပြုပြီး ရေဘုရားကျောင်း ၁၀၄ ခုကိုတည်ဆောက်ဖို့ အမိန့်ပေးဖူးပါသတဲ့။

လှေကားထစ်ပေါင်း ၁၀၈ ထစ်ပါရှိတဲ့ ဒီ Step Well ကြီးဟာ တစ်ချိန်က ရေလှောင်ကန်အဖြစ် အသုံးပြုခဲ့ကြပေမယ့် နှစ်ပေါင်းကြာလာတာနဲ့အမျှ ရေခန်းခြောက်သွားပြီး အခုဆိုရင်တော့ တိတ်ဆိတ်ခြောက်သွေ့လို့နေပါတယ်။ လာရောက်လည်ပတ်သူတွေရဲ့ ခြေသံ၊ လင်းနို့တွေ ခိုတွေရဲ့ အတောင်ပံခတ်သံ စတဲ့ ပဲ့တင်သံတွေကိုပဲကြားရတာဟာ အမျိုးအမည်မသိ ခံစားမှုတစ်ခုရစေမှာပါ။

အရပ်ပြောစကားများအရ အခုလိုမျိုး မဆိတ်သုဉ်းခင်က ဒီရေတွင်းကြီးဟာ အနက်ရောင်ရေတွေနဲ့ဖုံးလွှမ်းခဲ့ဖူးပါသတဲ့။ အဲဒီအချိန်တုန်းက ရေနက်ကြီးထဲက ခုန်ချသတ်သေတဲ့သူတွေအများအပြားရှိခဲ့ပါသတဲ့လေ။ ဒီ Agrasen ki Baoli ဟာ ဒေလီက သရဲခြောက်တဲ့နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်လို့ နေဝင်ချိန်မသွားကြပါနဲ့လို့ တားကြပါသေးတယ်။

ဒီရေတွင်းကြီးကို အိန္ဒိယ ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းထားပြီး သမိုင်းဝင်နေရာအဖြစ် လာရောက်ကြည့်ရှုကြသလို စူးစမ်းလိုသူတွေလည်း လာရောက်လည်ပတ်ကြတဲ့နေရာဖြစ်ပါတယ်။ ချောကတော့ ဘောလိဝုဒ်ကားတွေမှာ (PK ကားက တစ်ချို့ဇာတ်ဝင်ခန်းတွေမှာ) မြင်နေကြ ဒီလို လှေကားထစ်တွေနဲ့ဖွဲ့စည်းထားတဲ့ ရေတွင်းမျိုးကို အပြင်မှာ ကိုယ်တိုင်မြင်ဖူးချင်တာရယ်ကြောင့် မဖြစ်မနေသွားလည်ခဲ့ပါတယ်။ သရဲခြောက်မခြောက်တော့ ကိုယ်တိုင်မကြုံခဲ့ရတော့ မသေချာပေမယ့် လှေကားထစ်တွေကနေ အောက်ကို တဖြေးဖြေးဆင်းသွားရင်း ထူးဆန်းတဲ့ခံစားချက်တစ်မျိုးဖြစ်မိတာတော့အမှန်ပါ။

 

Tips by Chaw

  • ဝင်ကြေးမပေးရပါ။
  • နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၆နာရီအထိဖွင့်ပါတယ်။

    Part IV coming soon >

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top