ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို ဘယ်တော့မှ ဆိုင်းငံ့မထားလိုက်ကြပါနဲ့။

ရှေ့တစ်ပတ်က စူပါဟီးရိုးတွေအစုံပါတဲ့ ရုပ်ရှင်သွားကြည့်ဖြစ်ပါတယ်။ သိပ်ကောင်းတဲ့ကားပါ။ ရုပ်ရှင်ကောင်းတယ်ဆိုတာထက် အပြင်ထွက်ပြီး ရုပ်ရှင်ရုံမှာသွားကြည့်ဖြစ်တယ်ဆိုတာက အဓိကကျပါတယ်။

ရုပ်ရှင်ရုံကိုသွားတယ်။ လက်မှတ်ဝယ်တယ်။ နောက်ပြီးတော့ မှောင်အတိကျနေတဲ့ ခန်းမကြီးထဲဝင်လိုက်တယ်။ ခဏနေတော့ မီးတွေလင်းလာပြီး ရုပ်ရှင်စပြတော့တာပဲ။ ချောအပါအဝင် အဲဒီရုပ်ရှင်ရုံထဲမှာရှိနေတဲ့ လူတွေအတွက်ကတော့ သိပ်စိတ်ကြည်နူးစရာကောင်းတဲ့ ခရီးတစ်ခုထွက်ခဲ့ရသလိုပါပဲ။ ပေါက်ပေါက်ဆုပ်လေးစားလိုက် အအေးလေးသောက်လိုက် ရုပ်ရှင်လေးကြည့်လိုက်နဲ့ တကယ့်ဇိမ်ပါပဲ။

သူငယ်ချင်းတို့ရော
လှလှပပဝတ်စားပြီး အပြင်ထွက် ရုပ်ရှင်ကြည့်ဖြစ်လား။ ဘယ်တုန်းက ကြည့်ဖြစ်ခဲ့တာလဲ။ ဒါမှမဟုတ် အဝေးပြေးကား၊ လေယာဉ်ပေါ် တို့ကို ဘယ်တုန်းက နောက်ဆုံး တက်ဖြစ်ခဲ့တာလဲ။ ချော ဆိုလိုတာက သူငယ်ချင်းတို့ရဲ့ တနင်္ဂနွေနေ့တွေမှာ မိတ်ကပ်လိမ်း၊ အလှပြင်၊ သစ်လွင်တောက်ပစွာနဲ့ အပြင်ထွက်ပြီး တစ်ခုခုလုပ်ဖြစ်လား။ လေယာဉ်ပေါ်မှာ ကျွေးမယ့် အစားအသောက်တွေကိုရော ဘယ်တုန်းက နောက်ဆုံး စောင့်မျှော်ခဲ့ဖူးလဲ။

ချော ဟိုတစ်လောကမှ ခရီးကပြန်ရောက်ပါတယ်။ ချောရဲ့ခရီးသွားဖော်နဲ့ နောက်ခရီးတစ်ခု သွားဖို့တိုင်ပင်ကြရင်း၊ ဘယ်နေရာသွားမလဲ ငြင်းခုန်ကြရင်း စဉ်းစားမိတာက ကိုယ့်မှာ ပိုက်ဆံနည်းနည်းရှိတယ်၊ အချိန်လည်းရှိတယ်၊ ဒါလောက်ဆို သိပ်ပြည့်စုံနေပြီပဲ၊ တစ်နေရာရာကို ရောက်အောင် ထသွားလိုက်ဖို့ပဲလိုပါတယ်။ ဘာတွေသိပ်အများကြီးတွေးနေမှာလဲ။

ဘယ်နေရာကပိုကောင်းတယ်၊ ဘယ်နေရာကိုပိုကြိုက်တယ် အစရှိသည်ဖြင့် ရွေးချယ်စရာတွေရှိတာကလည်း ကောင်းပါတယ်။ ဒါပေမယ့် ကိုယ် တစ်နေရာရာကိုမသွားလိုက်ခင်မှာပဲ တခြား ကိစ္စပေါင်းသောင်းခြောက်ထောင်ပေါ်လာမှာကို စိုးရိမ်မိတာပါပဲ။ ချောတို့က သိပ်ကို ဆန်းပြားရှုပ်ထွေးလှတဲ့ ဘဝတွေကို ဖြတ်သန်းနေရသူ အရွယ်ရောက်ပြီးသားသူတွေ၊ အားလုံးက ဘာမှမဟုတ်သလိုသာ လှုပ်ရှားရုန်းကန်ကြရတာပဲလေ။

ချောကတော့ အသက် ၄နှစ်အရွယ်ကလေးလို ပြန်ဖြစ်ချင်တယ်။ မဖြစ်ရင်တောင် အနည်းဆုံးတော့ ကလေးလေးလိုဟန်ဆောင်ပြီး ဘဝကြီးကိုဖြတ်သန်းချင်တယ်။ ကောင်းကင်ပြာကြီးကိုမော့ကြည့်မယ်၊ လေမှာဝဲနေတဲ့သစ်ရွက်လေးတွေ၊ သိပ်လှတဲ့နေရာလေးတွေ၊ နေရာစုံကလူတွေကိုကြည့်ပြီး အခုမှတွေ့ဖူးတဲ့ သိပ်ဆန်းပြားတဲ့အရာတွေလို မြင်ကြည့်မယ်။ ရေခဲမုန့်ကို မြင်ရင် ‘ဟာ ရေခဲမုန့်ဟ’ ဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ ပျော်ပစ်လိုက်မယ်။ ကိုယ့်ကိုကိုယ်တော့ အမြဲ ကတိပေးတယ်၊ သွားချင်တယ်ဆိုရင် ဖြစ်အောင်သွားလိုက်ဖို့ပဲ။ စိတ်လှုပ်ရှားစရာတွေ၊ အသစ်အဆန်းတွေ ဘာမှမရှိဘဲ တစ်နေရာတည်းမှာ တစ်သမတ်ကြီး နေသွားဖို့ ဘဝကြီးက တိုလွန်းတယ်။

ဘယ်မှမသွားပဲ တစ်နေရာတည်းမှာ ပိတ်လှောင်နေတဲ့သူတွေထက် ခရီးသွားနေတဲ့သူက အများကြီးပိုသာတယ်။ ဓါတ်ပုံလှလှတွေရိုက်မယ်၊ ဆိုရှယ်မီဒီယာပေါ်တင်မယ်၊ အစားအသောက် အသစ်အဆန်းတွေစားမယ်၊ သူများတွေကို ကိုယ့်ခရီးသွားအတွေ့အကြုံတွေပြောပြမယ်။ ဒေသန္တရဗဟုသုတတွေရှာဖွေမယ်၊ အနားယူမယ်၊ ကမ္ဘာကြီးကို ရှုထောင့်စုံ၊ နေရာစုံကကြည့်မယ်။ ခရီးသွားကြမယ်။ ဘာကိုမှ တွေဝေမနေဘဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိနဲ့ ကိုယ့်စိတ်ချမ်းသာရာ၊ ပျော်ရွှင်စရာတွေကို ဖမ်းဆုပ်ကြမယ်။ ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို ဘယ်တော့မှ ဆိုင်းငံ့မထားလိုက်ကြပါနဲ့။     ❆


Scroll to Top