( English Version )
မုတ်သုံရာသီ ဇူလိုင်လလယ်ရောက်လာပြီဆိုရင် လမ်းမတွေပေါ်မှာ လိမ္မော်ရောင်ဝတ်ဆင်ထားတဲ့သူတွေ အားကြိုးမာန်တက်လမ်းလျှောက်နေတာကို မြင်တွေ့ရခြင်းက ကိုယ့်အတွက် အထူးအဆန်းဖြစ်လို့နေပါတယ်။
ကလေး၊ လူကြီး၊ ယောကျာ်း၊ မိန်းမ အမျိုးစုံပါဝင်သလို သူတို့အကုန်လုံးဟာ လိမ္မော်ရောင်ကို ဆင်တူဝတ်ဆင်ထားခြင်းဟာ တစ်မျိုးတစ်မည် မျက်စိပသာဒဖြစ်လှပါတယ်။
သေချာကြည့်ရင် လမ်းလျှောက်နေတဲ့သူတွေဟာ ရိုးရိုးလမ်းလျှောက်နေတာမဟုတ်ဘဲ သူတို့ပုခုံးပေါ်မှာ ထမ်းပိုးတွေကိုမြင်ရမှာပါ။
ထမ်းပိုးတွေမှာတော့ ရေအိုးလေးတွေ တစ်ဖက်တစ်ချက်ချိတ်ဆွဲထားကို မြင်တွေ့ရမှာဖြစ်ပြီး တစ်ချို့ထမ်းပိုးတွေဟာဆိုရင် ရောင်စုံချယ်သအလှဆင်ထားတာက ရောင်စုံအိန္ဒိယဆိုတဲ့ နာမည်နဲ့လိုက်ဖက်လွန်းလှပါတယ်။
တစ်ချို့ကလည်း လူဆွဲတဲ့လှည်းတွေပါသလို၊ တစ်ချို့ကတော့ ထမ်းပိုးမပါဘဲ ရေဗူးကိုသာ ရင်ဘတ်မှာချိတ်ဆွဲထားတာမြင်တွေ့ရမှာပါ။
သူတို့ ဘယ်ကိုသွားပြီး ဘာသွားလုပ်မှာလဲဆိုတာက စိတ်ဝင်တစား မေးမြန်းစုံစမ်းကြည့်မိတဲ့အခါ….
ဇူလိုင်၊ သြဂုတ် မုတ်သုံရာသီမှာ အိန္ဒိယမြောက်ပိုင်းတစ်ခုလုံးနီးပါး ဆင်နွဲတဲ့ Kanwar Yatra ဖြစ်ပါသတဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ရေအိုးချိတ်ဆွဲထားတဲ့ ဝါးထမ်းပိုး (kanwar) ၊ Yatra (ခရီး) လို့အဓိပ္ပာယ်ရပါတယ်။
နှစ်စဉ်နှစ်တိုင်း Lord Shiva (ရှီဗာ) ကို ကိုးကွယ်ယုံကြည်သူအများစုဟာ ဂင်္ဂါမြစ်ထဲကရေကိုယူပြီး နီးစပ်ရာ ရှီဗာဘုရားကျောင်းမှာဆက်ကပ်လှူဒါန်းဖို့အတွက် မိမိတို့နေထိုင်ရာ မြို့၊ ကျေးရွာက ထွက်လာကြပြီး ဂင်္ဂါမြစ်ရှိရာကို ခြေလျင်လျှောက်၊ ရေကိုယူ၊ သူတို့နေထိုင်ရာကိုပြန်လာပြီး ဆက်ကပ်လှူဒါန်းတာကို Kanwa Yatra ဘာသာရေးအတွက်ခရီးထွက်ခြင်းလို့ခေါ်ကြပါတယ်။
(ဟိန္ဒူဘာသာမှာ အဓိကအားဖြင့် Brahma-the creator, Vishnu-protector နဲ့ Shiva-the destroyer ဆိုတဲ့ Hindu Gods တွေရှိပါတယ်)
ဂင်္ဂါမြစ်ထဲကရေကိုယူဖို့ နေရပ်ဒေသအသီးသီးကထွက်လာကြတဲ့သူတွေဟာ Haridwar၊ Guamukh၊ Gogotri နဲ့ Sultangan စတဲ့ မိမိတို့နဲ့ နီးစပ်ရာရှိ ဂင်္ဂါမြစ်ရှိရာ သွားရောက်ဝတ်ပြုဆုတောင်းကြပြီးနောက် မြစ်ထဲကရေကိုယူ လာရာလမ်းအတိုင်းပြန်လျှောက်ပြီး သူတို့နေထိုင်ရာ မြို့၊ ကျေးရွာမှာရှိတဲ့ ရှီဗာဘုရားကျောင်းမှာပြန်လည်ဆက်ကပ်ကြပါတယ်။
လမ်းလျှောက်နေကြတဲ့သူတွေကိုကြည့်လိုက်ရင် လူကြီး၊လူငယ် အကုန်လုံးဟာ စိတ်အားထက်သန်စွာ၊ တက်ကြွနိုးကြွားစွာ လျှောက်လမ်းနေကြခြင်းက အမျိုးအမည်မသိအားအင်တစ်ခု ကိုယ့်ဆီကူးစက်စေပါတယ်။
တစ်ချို့ ဝေးလံခေါင်ဖျားတဲ့ဒေသကနေ လမ်းလျှောက်လာကြတဲ့သူတွေရှိသလို နေရပ်ဒေသအသီးသီးက လူပေါင်းစုံပါဝင်တဲ့အတွက် ခန့်မှန်းခြေ ဘယ်လောက်ဝေးဝေး သူတို့လျှောက်ရသလဲဆိုတာကတော့ ၅၀၀ ကီလိုမီတာက ၈၀၀ ကီလိုမီတာကြားရှိနိုင်ပါတယ်တဲ့။
နောက်စိတ်ဝင်စားစရာတစ်ခုက တစ်ဦးချင်းစီမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ စိတ်ပိုင်းဖြတ်မှုတွေရှိနေတာပါပဲ။ ဥပမာ၊ တစ်ချို့က ၂ရက်အတွင်း ဂင်္ဂါမြစ်ထဲကယူပြီး ပြန်လာမယ်ဆိုတဲ့သူတွေရှိသလို၊ တစ်ချို့က သုံး လေးရက်၊ တစ်ချို့က မနားတမ်း၊ တစ်ချို့က မိအိုဖအိုကို ထမ်းပိုးပေါ်တင်ခေါ် တစ်မိသားစုလုံး လမ်းလျှောက်၊ တစ်ချို့က မအိပ်မနား အစရှိသည်ဖြင့် တစ်ယောက်နဲ့တစ်ယောက် ရည်ရွယ်ချက် စိတ်ပိုင်းဖြတ်မှုတွေမတူတာကို သိရှိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လလယ်လောက်ဆို သက်ဆိုင်ရာအစိုးရကနေပြီးတော့ ထောင်သောင်းချီတဲ့လူတွေလမ်းလျှောက်မှာမို့ တစ်ချို့လမ်းတွေကို လုံးဝယာဉ်ပေးမဖြတ်တော့ပဲ လမ်းလျှောက်သွားတဲ့သူတွေအတွက် သီးသန့်ထားပေးလိုက်ပါတယ်။
အအိပ်၊ အစား နားနိုင်သလို ဆေးဝါးလိုအပ်လို့ဖြစ်ဖြစ် မောပန်းလို့ဖြစ်ဖြစ် နားနေနိုင်ဖို့ သူတို့ ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်မှာ မဏ္ဍပ်ပေါင်းမြောက်များစွာ မြင်တွေ့ရမှာပါ။
(နားတဲ့အခါမှ ဝါးထမ်းပိုးကိုမြေပေါ်မချရပါဘူးတဲ့)
ခေတ်ကာလရွေ့လျားလာတဲ့အခါ တစ်ချို့သောသူတွေက စက်ဘီး၊ ဆိုင်ကယ်၊ ကားတွေကိုအသုံးပြုပြီး သူ့အုပ်စု ကိုယ့်အုပ်စုနဲ့ နေ့မနား ညမနား ဂင်္ဂါမြစ်ဆီခရီးနှင်ကြပါတယ်။
ဘယ်နေရာမဆို အကောင်းအဆိုးဒွန်တွဲနေတာမို့ ဒီပွဲတော်ကြောင့် လမ်းပိတ် ကားကျပ်တာတွေ၊ ဒီလောက်ဝေးလန်ခေါင်ဖျားလမ်းလျှောက်တာကြောင့် ကိုယ့်ကိုကိုယ်ပင်ပန်းဆင်းရဲခံတဲ့လို့မြင်တဲ့သူတွေရှိသလို
ဒီလိုခရီးထွက်လာကြတဲ့သူတွေအထဲမှာ ငယ်ရွယ်သူတွေပါတဲ့အတွက် တစ်ချို့က ဒီဂျေတွေဖွင့်လိုဖွင့်၊ ညနက်သန်းခေါင်လည်း သီချင်းတွေဖွင့်ပြီးသွား၊ ကားတွေပေါ်မှာ အော်ဟစ်ကခုန်နေကြသူတွေရှိတာတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ တိုင်ကြားမှုတွေလည်းရှိပါသတဲ့။
လူပေါင်းထောင်သောင်းချီလမ်းပေါ်ရောက်လာတာကြောင့် လမ်းလျှောက်တဲ့သူတွေ ဘေးမသီရန်မခအောင်၊ ယာဉ်အသုံးပြုသူတွေ ယာဉ်မတော်တဆမှုနည်းပါးအောင်၊ အလုပ်သွားရုံးသွားသူတွေ ယာဉ်လမ်းကြောကျပ်တည်းမှုကကင်းရှင်းအောင်၊ ခိုက်ရန်ဖြစ်ပွားမှုမရှိအောင်၊ အစရှိသဖြင့် စီမံဆောင်ရွက်ရတဲ့ တာဝန်ရှိသူတွေ ရဲဝန်ထမ်းတွေဟာလည်း နေ့မနားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေတာကိုလည်းတွေ့မြင်ရပါတယ်။
ပျားပန်းခပ်မျှ စည်စည်ကားကား ခရီးနှင်နေကြသူတွေဟာ ပင်ပန်းနွမ်းနယ်ပုံပေါက်ပေမယ့် တက်ကြွနေတဲ့ခြေလှမ်းတွေက သူတို့ယုံကြည်ကိုးကွယ်ရာအတွက် ဒဏ္ဍာရီခရီးသွားတွေအလား…