ဧရာဝတီတိုင်းရဲ့အရိုင်းဆန်တဲ့အလှ (သို့မဟုတ်) ဂေါ်ရန်ဂျီ

အရိုင်းဆန်ဆန် အလှတရားတွေပြည့်နှက်နေတဲ့ တောင်တန်းနဲ့ ပင်လယ်ရဲ့ဆုံရာ ငရုတ်ကောင်းဒေသရဲ့ နာမည်ကျော် ဂေါ်ရန်ဂျီသွားကြမယ်။ ချောလို တစ်ကိုယ်တော် ခရီးထွက်သူတွေ၊ စွန့်စားချင်သူတွေ၊ အားလပ်ရက် ခရီးသွားသူတွေ၊ တောင်တက်သူတွေ၊ ပင်လယ်ရေငုပ်၊ လှေစီး ကျွန်းပတ်ချင်သူတွေ၊ မိသားစုသူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ချင်သူတွေအတွက် သိပ်လတ်ဆတ်လွန်းလှတဲ့ ဒေသတစ်ခုပါ။

၁၉၉၀ မတိုင်မီက နံသာပုရွာလေးနဲ့ ဂေါ်ရန်ဂျီကျွန်းကြားမှာ ပင်လယ်ကူးသဘောင်္ာတွေ ဖြတ်သွားတဲ့ မိုင်တစ်ဝက်ကျော်တဲ့ ရေလက်ကြားရှိပါတယ်။ ၁၉၉၀မှာ သောင်ပေါ်လာပြီးနောက်ပိုင်းမှာ ကမ်းချင်းဆက်သွားခဲ့ပါတယ်။ ကျောက်စက်ပန်းလိုဏ်ဂူတွေ၊ လင်းနို့ဂူတွေနဲ့ ဂေါ်ရန်ဂျီကို သွားလည်မယ်ဆိုရင် ကျွန်းပေါ်က ဘုရားစေတီကလေးကိုလည်းဖူးရမှာပါ။

ဂေါ်ရန်ဂျီကျွန်းရဲ့ အဓိကဆွဲဆောင်မှုဖြစ်တဲ့ ကျောက်ဆောင်၊ ကျောက်အငူတွေအပြင် ရေကလည်း အတော်လေးသန့်တာမို့ နာမည်ကြီးလှပေမယ့် ငွေဆောင်၊ချောင်းသာလိုမျိုး အလွယ်တကူမရောက်နိုင်၊ အစားအသောက်မပေါများပါဘူး။ ခရီးလမ်းကြမ်းပေမယ့် အရိုင်းဆန်လွန်းလှတဲ့ ဂေါ်ရန်ဂျီရဲ့အလှတရားကတော့ ချောတို့လို့ Adventure သမားတွေအတွက် တကယ့် Paradise တစ်ခုလိုပါပဲ။

ခရီးလမ်းကြောင်း ???
– ရန်ကုန်ကနေ ငရုတ်ကောင်းကို တိုက်ရိုက်ရောက်တဲ့ ကားတွေရှိပါတယ်။ ဖုန်းနဲ့ booking လုပ်ထားပြီး ဒဂုံဧရာ (လှိုင်သာယာ) အဝေးပြေးမှာ သွားစီးတော့မှ လက်မှတ်ဖြတ်လို့ရပါတယ်။
– ကံထူးအောင် (ရန်ကုန်)
09 421155911 , 09 421155922, 09 791722208
– ကံထူးအောင် (ငရုတ်ကောင်း)
09 49002539, 09 252958567
– ယူနီဗာဆယ် (ရန်ကုန်)
09 440191811, 09 421043318
– ကံထူးအောင် ငရုတ်ကောင်းသွားတဲ့ကားက ည ၈ခွဲ နဲ့ ၉နာရီ နှစ်ကားရှိပါတယ်။ ချောကတော့ ၉နာရီကားနဲ့ သွားပါတယ်။ လက်မှတ်တစ်စောင်ကို တစ်သောင်းပါ။ (၁၈၊မတ်လ၊၂၀၁၈)
– ရန်ကုန် ပုသိမ် ကားလမ်းကောင်းပါတယ်။ ၃ကြိမ်လောက်ရပ်ပေးပါတယ်။
– ပုသိမ် ကနေ ငရုတ်ကောင်း လမ်းကြမ်းပါတယ်။ မူးတတ်၊ အန်တတ်ရင် ရှူဆေးတို့ ကားမူးပျောက်ဆေးတို့၊ အန်ဖို့ကျွတ်ကျွတ်အိတ်တို့ စတာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။
– ငရုတ်ကောင်းကို မနက် ၆နာရီခွဲရောက်ပါတယ်။
– လှေဆိပ်ကိုသွားဖို့အတွက် ကိုယ်တည်းမယ့်နေရာကိုပြောပြီး ဆိုင်ကယ်တက်ခ်စီသမားကို ပို့ခိုင်းရမှာပါ။ (ဥပမာ၊ ချောက နံသာပုမှာတည်းမှာဖြစ်တဲ့အတွက် နံသာပုကိုသွားမယ့်လှေဆိပ်ကို ပို့ပေးမှာပါ)
– လှေဆိပ်နှစ်ခုရှိပါတယ်။ ကြွေချိုင်ဆိပ်နဲ့ ဂေါ်ရန်ဂျီဆိပ်ပါ။ တည်းမယ့်နေရာ booking လုပ်ကတည်းက ဘယ်လှေဆိပ်ကနေလာရမလဲ တစ်ခါတည်းမေးထားပြီး တက်ခ်စီသမားကိုပို့ခိုင်းပါ။
– ငရုတ်ကောင်းကားဂိတ်ကနေ လှေဆိပ်ကို ဆိုင်ကယ်တက်ခ်စီခ ၅၀၀ ကျပ်ပါ။
– ရွာလမ်းတွေဖြစ်တာကတစ်ကြောင်း၊ ပင်လယ်ရေတက်ရင် ရေကျော်ကတစ်ကြောင်းကြောင့် လမ်းမကောင်းပါဘူး။
– ရွာတွေဖြစ်တာအပြင်၊ လမ်းခရီးအခြေအနေကြောင့် စကပ်တို၊ ဘောင်းဘီကျပ်များမဝတ်သင့် ဖိနပ်အကောင်းစားများ မစီးသင့်ပါဘူး။
– လှေဆိပ်ရောက်လို့ရှိရင် ဟိုဘက်ကမ်းကူးမယ့်လှေပေါ်တက်ထိုင်ပြီး ကူးသွားရုံပါပဲ။ တစ်ယောက် ၂၀၀ကျပ်ပါ။
– ဟိုဘက်ကမ်းမှာ လှေကပ်တဲ့အခါ ကိုယ်တည်းမယ့်နေရာပြောပြီး ဆိုင်ကယ်တက်ခ်စီထပ်ငှါးရပါမယ်။
– ချောက နံသာပုကိုသွားတဲ့အတွက် တက်ခ်စီခ ၂၀၀၀ ကျပါတယ်။
– ထပ်ပြောပါမယ်။ လမ်းကြမ်းပါတယ်ရှင်။

ဘယ်မှာတည်းမလဲ ?

ဂေါ်ရန်ဂျီကျွန်းမှာ သိန်းဂဏန်းချီပေးရတဲ့ ဟိုတယ်တွေကအစ သောင်းဂဏန်းပေးရတဲ့ တည်းခိုရိပ်သာတွေလည်းရှိပါတယ်။
လက်လှမ်းမှီသလောက်ဖော်ပြရရင်တော့
၁) Eco lodge or community lodge (နံသာပု)
+95 9 42518 8940
၂) G7 Plage Bungalows (နံသာပု)
09 45 3235252, 09 45 2216685
၃) View Beach House (နံသာပု)
09 45 9660122
၎) Htee Hta resort (နံသာပု)
09 451875500
၅) Sea Angel (နံသာပု)
09 445454494
၆) Thiri Thuta Aung (ကြွေချိုင်)
09 49732001, 09 450853331
၇) Thiri San (ကြွေချိုင်)
09 451234247, 09 264580546
၈) San Yadnaraung bungalows
+95 9 8602720
၉) Pan thitsar Bungalows
+95 9 49727024
၁၀) Lamin San
+95 9 450121131

ချော ဘယ်မှာတည်းတာလဲ ?

တစ်ကိုယ်တော်သမားဖြစ်တာကတစ်ကြောင်း၊ ကျွန်းနဲ့နီးနီးနေချင်တာကတစ်ကြောင်း၊ ဒေသခံမိသားစုတွေနဲ့တွေ့ချင်တာကတစ်ကြောင်းကြောင့် နံသာပုက Eco Lodge / Community Lodge ဆိုတဲ့ ကျေးလက်ဧည့်ဂေဟာ လေးမှာတည်းဖြစ်ပါတယ်။ သစ်ဝါးတွေနဲ့ဆောက်လုပ်ထားတဲ့ ဘန်ဂလိုလေးမှာ အေးအေးချမ်းချမ်းနဲ့ ခဏတာနားခိုခဲ့ပါတယ်။ ဒေသခံမိသားစုဝင်တွေချက်တွေတဲ့ မုန့်ဟင်းခါး၊ ပင်လယ်စာ၊ ထမင်းဟင်းတွေကိုလည်း မြိန်ရေယှက်ရေစားခဲ့တာပေါ့။ တစ်ည တည်းတာအပါအဝင်၊ အစားအသောက်လေးနပ်စလုံးမှ တစ်သောင်းခွဲပဲယူပါတယ်။ ကျေးလက်နေ ဒေသခံတွေ ကိုယ်တိုင်ပါဝင်စီမံခံ့ခွဲနေတဲ့ အလုပ်အကိုင်တွေ၊ ခရီးသွားလုပ်ငန်းတွေကို အားပေးခြင်းဟာလည်း ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းက ကူညီရာရောက်ပါတယ်။

ဖော်ရွေပျော်ငှါလှတဲ့မိသားစုဝင်တွေနဲ့အတူနေ၊ အိမ်ချက်ထမင်းဟင်းတွေတူတူစား၊ ရီမောကြ၊ စကားတွေပြောကြ၊ sea view လေးကြည့်၊ လှိုင်းသံလေးတွေကြားရင်း၊ သိပ်အေးချမ်းတဲ့ နေ့ရက်လေးတွေ ချော ပိုင်ဆိုင်ခဲ့ပါတယ်ရှင်။

အစားအသောက် ???

ဂေါ်ရန်ဂျီကျွန်းမှာက တခြားကမ်းခြေတွေလိုမျိုး စား​သောက်​ဆိုင်​တန်းတွေမရှိပါဘူး။ ကိုယ်တည်းမယ့်နေရာကို booking လုပ်ကတည်းက အစားအသောက်ပါလားဆိုတာ တစ်ခါတည်းမေးထားပြီး ပါရင်ဈေးဘယ်လောက် မပါဘူးဆိုရင် ဘယ်လိုစီစဉ်ပေးမလဲ ဆိုတာတွေကအစ မေးထားဖို့လိုပါတယ်။ ဂေါ်ရန်ဂျီမှာ တစ်နေရာနဲ့ တစ်နေရာ အလှမ်းဝေးတာမို့ ဆိုင်ကယ်မရှိရင်သွားရလာရတာ အဆင်မပြေပါဘူး။ အဲ.. ဆိုင်ကယ်ရှိပေသော်ငြား သဲမြေဖြစ်တဲ့အတွက် ကိုယ်တိုင်မောင်းဖို့အဆင်ပြေနိုင်ပါဘူးရှင်..မောင်းနေကျဖြစ်တဲ့ ဒေသခံတွေ မောင်းပို့မှ အဆင်ပြေနိုင်မှာပါ။ ဆိုတော့ကာ… စားဖို့သောက်ဖို့ကို တည်းမယ့်နေရာကလူတွေနဲ့ တစ်ခါတည်းသာညှိထားပေတော့။

လည်ဖို့ပတ်ဖို့ ???

တည်းတဲ့နေရာကနေ ဆိုင်ကယ်ကယ်ရီနဲ့ နေရာစုံလည်လို့ရပါတယ်။ လည်ရမယ့်နေရတွေကတော့ လိပ်ချိုင်၊ ကြွေချိုင်၊ နံသာပုချိုင်၊ ကုလားမချိုင်၊ ဟင်္သာချိုင်၊ ပုလ္လင်​ချိုင်၊ ကျောက်ခြေတောက်နဲ့ တောင်ပေါ်က မြဝတီဘုရားတို့ဖြစ်ပါတယ်။ လိပ်ချိုင်ကိုတော့ စက်လှေနဲ့သွားရတာဖြစ်ပြီး ကျန်တဲ့နေရာတွေက ဆိုင်ကယ်နဲ့သွားလို့ရပါတယ်။ ဆိုင်ကယ်ရော စက်လှေရော တည်းတဲ့နေရာကို စီစဉ်ခိုင်းလို့ရပါတယ်။ တောင်ပေါ်က မြဝတီဘုရားက လှေကားထစ်ပေါင်း လေးရာကျော်ကိုတက်ရတာမောပေမယ့် ဂေါ်ရန်ဂျီရဲ့ တကယ့်အသက် ရှုမငြီးတဲ့ view ကိုမြင်လိုက်ရရင် အမောပြေစေမှာအမှန်ပါ။ စက်လှေခတို့၊ ဆိုင်ကယ်ခတို့က ကိုယ်သွားတဲ့နေရာ အနီးအဝေးပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်ရှင်။

ချော ဘယ်နေရာတွေလည်ခဲ့လဲ။ ဘာတွေလုပ်ခဲ့လဲ။ ?

ချော တည်းတဲ့နေရာက သောင်ထွန်းနေတဲ့နေရာပေါ်မှာဆိုတော့ အရှေ့ဘက်မှာ sea view၊ အနောက်ဘက်ခပ်လှမ်းလှမ်းလှမ်းမှာလည်း ပင်လယ်၊ ညာဘက်မှာ ဂေါ်ရန်ဂျီကျွန်း နဲ့ မြဝတီဘုရားကိုအတိုငသားမြင်နေရတဲ့အပြင်၊ ဘယ်ဘက်ကိုထွက်ရင်တော့ ရွာတွေဘက်ပေါ့။
ချော တည်းတဲ့နေရာက ကောင်မလေးနဲ့ ချောနဲ့ နှစ်ယောက်တည်း ကျွန်းတစ်ပတ် Trekking သွားပတ်တယ်။ ရှည်မျှောသာယာလှတဲ့ ကမ်းခြေမှာ လမ်းလျှောက်ရင်း ကြည်လင်လှတဲ့ရေတွေဆော့ကစားရင်းနဲ့ ကျွန်းရဲ့နံရံပတ် ကျောက်ဆောင်၊ ကျောက်နံရံ၊ ကျောက်ဂူတွေဘေးက တွယ်သွား၊ လှိုင်းတွေကပုတ်နဲ့ တကယ့် အသည်းတယားယားပါပဲ။
ငှက်ပျောပင်တော၊ အုန်းပင်တော၊ သစ်ပင်ခြုံနွယ်တောတွေကြား လမ်းပျောက်တာလဲအခါခါ၊ ဒီလိုနဲ့ပဲ တောတိုးရင်း တွယ်တက်ရင်း တောင်ထပ်ရောက်တော့ ပင်ပန်းသမျှပျောက်လို့ သိပ်ကိုမှလှလွန်းတဲ့ရှုခင်းပါပဲ။ ပြန်ဆင်းတဲ့အခါ ကျောက်သားနံရံတွေကို ကုတ်ခဲပြီး တစ်လှမ်းခြင်း သတိကြီးကြီးထားပြီးပြန်ဆင်းကြရပါတယ်။ လှိုင်းတိုက်စားထားတာတွေကြောင့် ဒီကျောက်တုံး၊ ကျောက်နံရံတွေဟာ ပုံသဏ္ဍာန်မျိုးစုံ၊ အလှပေါင်းစုံ ကြည့်မကုန်အောင် ဆွဲဆောင်လွန်းလှပါတယ်။
မြဝတီဘုရားကိုလည်း လှေကားထစ်တွေက မတက်ပဲ ဒီအတိုင်း ကြိုးဆွဲလမ်းလျှောက်ပြီးတက်ဖြစ်ပါတယ်။ အဆင်းကိုတော့ လှေကားကဆင်းပြီး လိပ်ချိုင်ကို လှေစီးသွားဖြစ်ပါတယ်။ လိပ်ချိုင်သွားတဲ့အချိန် ရေတက်ချိန် လှိုင်းကြီးနေသမို့ အသည်းတအေးအေးနဲ့ပေါ့။ လိပ်ချိုင်သွားတဲ့တစ်လျှောက် ရေအောက် လင်းနို့ဂူတွေ၊ ကျောက်စက်ပန်းဆွဲတွေ၊ ပုံသဏ္ဍာန်ဆန်းပြားလှတဲ့ ကျောက်တုံးကြီးတွေက တမျိုးတမည် ဆွဲဆောင်လို့နေပါတယ်။ Trekking တစ်လျှောက် အရမ်းပင်ပန်း ခရီးကြမ်းပေမယ့် မြင်ရတဲ့မြင်ကွင်းက တသက်တာမမေ့နိုင်စရာဖြစ်ခဲ့သိလို၊ တန်ဖိုးမဖြတ်နိုင်တဲ့ Adventure အတွေ့အကြုံတွေလည်းရခဲ့ပါတယ်ရှင်။

ကျောက်ခြေတောက်၊ နာမည်ကြီး the log ဘက်လည်းရောက်ခဲ့သလို ချောရောက်တဲ့ညက ရွာမှာပွဲရှိတာမို့ ကလေးတွေနဲ့တူတူ ခဏသွားကြည့်သေးတယ်။ ဆိုင်ခန်းလေး သုံးခုလောက်၊ ဈေးရောင်းသူလေး ဆယ်ယောက်ယောက်ပဲရှိပေမယ့် ရွာနီးစပ်ချုပ်ကလူတွေအကုန် ပွဲကိုရောကိနေကြတာ စည်ကားနေရောပဲ။ ကျန်တဲ့အချိန်တွေကတော့ ကလေးတွေနဲ့ဆော့၊ အာလာပ သလာပပြော၊ အဘတွေနဲ့ စကားပြောရင်းနဲ့ပဲ အချိန်ကုန်မှန်းမသိကုန်သွားတာပါပဲရှင်။ 

အကြံပြုချက်
– နေပူကာ အုပ်ထုပ်၊ ဘောင်းဘီရှည်၊ နေလောင်ခံခရင်မ်၊ များဆောင်သွားပါ။
– ရေကူးမယ်ဆိုရင်တော့ ရေကူးဝတ်စုံအပိုထည့်ယူသွားပါနော်။
– လျှပ်စစ်မီးကို နာရီပိုင်းပဲပေးတဲ့အတွက် power bank တွေပိုထည့်လာခဲ့ပါ။ အားသွင်းလာခဲ့ကြပါရှင်။

အပြန်ခရီး
– ဂေါ်ရန်ဂျီကနေ အပြန်လက်မှတ်ကို ကြိုဖြတ်ထားလို့ရသလို ကိုယ်တည်းတဲ့နေရာကိုလည်း စီစဉ်ခိုင်းလို့ရပါတယ်။ အလာခရီးအတိုင်းပဲ လှေနဲ့ပြန်စီးပြီး ငရုတ်ကောင်းကနေ ရန်ကုန်ပြန်ရမှာပါ။

ချောက ငွေဆောင်ဆက်သွားမှာဆိုပေမယ့် သူများတွေလို ကားမစီးတော့ပဲ ဂေါ်ရန်ဂျီကနေ ငရုတ်ကောင်း၊ ငရုတ်ကောင်းကနေ ငွေဆောင် တောက်လျှောက် ဆိုင်ကယ်နဲ့သွားဖြစ်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းနဲ့တောက်လျှောက် အပြိုင်လမ်းဖြစ်တာကြောင့် သဲထူ၊ဖုန်ထူနဲ့ တော်တော်ခရီးကြမ်းခဲ့ပါတယ်။ မောင်းပို့တဲ့သူတော့ ဘယ်လိုနေလဲမသိပေမယ့် ချော အနောက်ကထိုင်တဲ့သူတောင် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပါပဲ။ ကမ်းခြေတွေ တ​မေ့တ​မြောကြီး၊ တောအုပ်စိမ်းစိမ်း၊ ရွာငယ်ငယ်လေးတွေကို သုံးနာရီကျော်ဖြတ်ပြီးသကာလ ငွေဆောင်ကိုရောက်ခဲ့ပါတယ်ရှင်။

***ရန်ကုန်မြို့ထဲကနေ တက်ခ်စီခအပါအဝင် ဒီခရီးစဉ်အစအဆုံး ချောင်းသာရောက်တဲ့အထိ စားသောက်စရိတ်အပါအဝင် ခြောက်သောင်း နဲ့ တစ်ထောင့်ခုနှစ်ရာကျပ်တိတိ ကုန်ကျပါတယ်ရှင်*** (တစ်ည / နှစ်ရက်)


Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top