( English Version )
ဆောင်းအကုန်နွေအကူးကာလ၊ အိန္ဒိယမြေကိုခြေချပြီးနောက်တစ်ရက်မှာတင် ကမ္ဘာမှာအထင်ကရကျော်ကြားလှတဲ့ အိန္ဒိယရဲ့သင်္ကေတ တာ့ဂ်ျမဟာ (Taj Mahal) ကိုရောက်ဖြစ်ခဲ့လေသည်။
မြန်မာ့မြေမှဒေလီသို့အလာ ၅နာရီကြာလေယာဉ်ခရီးကြောင့် ခရီးပန်းနေသောကိုယ့်ခမျာ ဒေလီ (Delhi) မှ တာ့ဂ်ျမဟာရှိရာ အာဂရာမြို့သို့အသွားလမ်းခရီးမှာ တစ်လမ်းလုံးအိပ်ပျော်ကာလိုက်ပါခဲ့လေသည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အာဂရာမြို့ (Agra)၊ ယမုံနာ (Yamuna) မြစ်ကမ်းဘေးမှာတည်ရှိတဲ့ တာ့ဂ်ျမဟာကိုရောက်ရန် ဒေလီမှ ကားဖြင့် အသွား ၄နာရီခန့်ကြာမြင့်ပေသည်။
အာဂရာမြို့ကိုစရောက်ရောက်ချင်း ဘယ်မှမသွားခင် အသိတစ်ယောက်အိမ်သို့ခဏဝင်လည်ဖြစ်သည်။ ဖော်ရွေလှသော အသိလင်မယားက အာလူးကတ်သလိတ်ကြော်နှင့် လက်ဖက်ရည်ကို မနက်စာအဖြစ်တည်ခင်းဧည့်ခံလေသည်။ အာလူးကတ်သလိတ်ကြော်မှာ အစာသွတ်မပါဘဲ ရိုးရိုးရှင်းရှင်းစားမြိန်လှပေသည်။ လက်ဖက်ရည်ကတော့ နွားနို့များများ သကြားနည်းနည်းနှင့် အရည်ကျဲကျဲဖြစ်သဖြင့် ရန်ကုန်က သောက်နေကျလက်ဖက်ရည်နှင့်မတူ အရသာမရှိ ပေါ့ရွတ်ရွှတ်ကြီးဖြစ်နေသည်။ သကြားနှစ်စွန်းခန့်ထပ်ထည့်မှ သောက်ရတာအရသာလေးလေးပင်ပင်ရှိပေတော့သည်။
မနက်စာစား၊ စကားစမြည်ပြောကြရင်း အာဂရာမြို့၏ အကျော်ကြားဆုံးမုန့်မှာ ပေသာ (Petha) ဖြစ်ကြောင်းသိခဲ့ရပြီး ပေသာမှာ မြန်မာပြည်က ဖရုံယိုပင်ဖြစ်လေသည်။ အိမ်ရှင်အသိလင်မယားကိုနှုတ်ဆက်ကာ တာ့ဂ်ျမဟာရှိရာထွက်လာခဲ့လေသည်။ အာဂရာမြို့ရဲ့ ရာသီဥတုမှာ မြန်မာပြည်က အညာဒေသတွေလို ပူပြင်းခြောက်သွေ့လှပေသည်။ ဖုန်ထူထပ်လှသလို သစ်ပင်များမှာလည်း အညာမြေမှာတွေ့ရတတ်သောအပင်များလိုပင်ဖြစ်သည်။ မိုးများတဲ့ဒေသကလာသော တောင်ပိုင်းသူ ကိုယ်ဟာ ပထမရက်မှာတင် အညာနေလို ကျစ်ကျစ်တောက်ပူတဲ့ရာသီဥတုမှာ ချွေးတရွှဲရွှဲဖြစ်ခဲ့ရသည်။
တာ့ဂ်ျမဟာဝင်ပေါက်နားမရောက်ခင်ပင် များပြားလှစွာသော နိုင်ငံခြားသားများ၊ အိန္ဒိယနိုင်ငံသားများ စည်စည်ကားကားမြင်တွေ့ရသည်။ တာ့ဂ်ျမဟာ ဝင်ပေါက်သုံးခုရှိရာ အရှေ့ဘက်ဂိတ်၊ အနောက်ဘက်ဂိတ် နှင့် တောင်ဘက်ဂိတ်ဟူ၍ဖြစ်သည်။ ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ယောက်ကို ရူပီး တစ်ထောင် (မြန်မာကျပ်ငွေ နှစ်သောင်းခန့်)၊ အိန္ဒိယနိုင်ငံသားတစ်ယောက်ကို ရူပီး လေးဆယ် (မြန်မာကျပ်ငွေ ရှစ်ရာ) ကျသင့်ပေသည်။ တောင်ဘက်ဂိတ်မှာ တာ့ဂ်ျမဟာကိုတည့်တည့်ရောက်သည့် အဓိကဝင်ပေါက်ဖြစ်ရာ တောင်ဘက်ဂိတ်မှပင် များပြားလှစွာသောလူများနဲ့အတူ တန်းစီကာဝင်ရောက်ခဲ့သည်။
စဝင်ဝင်ချင်း မြင်ရသော အနီညိုရောင်မုဒ်ပေါက်ကြီးမှာ ခမ်းနားထည်ဝါလှသလို ကျောက်သားပေါ်ထွင်းထုထားသော ပန်းတမော့လက်ရာများမှာ မှင်သက်အံ့သြဖွယ် ရှုမငြီးလှပေသည်။ သေသပ်လှပလွန်းသော မုဒ်ပေါက်ကြီးကိုလှည့်ပတ်ကြည့်ရှုပြီးနောက် ဆက်လက်လျှောက်လှမ်းလာခဲ့ရာ ဝင်းထဲတွင် ဥယျာဉ်ကျယ်ကြီးတစ်ခု၊ တာ့ဂ်ျမဟာအဆောက်အဦးတစ်ခုလုံးကို တန်ပြန်ထင်ဟပ်ပေါ်လွင်နေစေတဲ့ ရေကန်ကြီးတစ်ခု၊ ဖြူဖြူဖွေးဖွေး ခမ်းနားကြီးစွာတည်ရှိနေတဲ့ တာ့ဂ်ျမဟာနဲ့အတူ အခြား ဂူဗိမာန်များကိုလည်း တွေ့မြင်ရသည်။
အိန္ဒိယရဲ့အထင်ကရ သင်္ကေတ၊ ဗိသုကာလက်ရာအမြောက်ဆုံး အထိမ်းအမှတ်အဆောက်အဦ တာ့ဂ်ျမဟာကို ၁၆ရာစုနှစ် နဲ့ ၁၇ ရာစုနှစ်ကြားမှာ မိုဂဲလ် အင်ပါယာ ရဲ့ ငါးဆက်မြောက် မင်းဖြစ်သူ ရှာဂျဟန် (Shah Jahan) က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ရှာဂျဟန် ထီးနန်းစိုးစံနေစဉ် ၁၆၂၈ ခုနှစ်မှ ၁၆၅၈ ခုနှစ်ထိသည် မိုဂဲလ် ဗိသုကာလက်ရာများအတွက် ရွှေရောင်ခေတ်ဖြစ်ခဲ့ပေသည်။ ရှာဂျဟန် တည်ဆောက်ခဲ့သည့် အထိမ်းအမှတ်အဆောက်အဦး၊ မွန်ကွန်းတိုင် မြောက်များစွာထဲကမှ တာ့ဂ်ျမဟာက အထင်ရှားဆုံးဖြစ်သည်။
နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတည်ဆောက်ခဲ့ရသော တာ့ဂ်ျမဟာသည် ရှာဂျဟန်၏ ချစ်လှစွာသောမိဖုရား မွမ်တဇ်မဟာ (Mumtaz Mahal) အတွက်တည်ဆောက်ပေးသော သင်္ချိုင်းပင်ဖြစ်သည်။ ပါရှန်းတစ်ယောက်ဖြစ်သူ မွမ်တဇ်မဟာမိဖုရားသည် ရှာဂျဟန်ဘုရင်၏ ခုနှစ်ယောက်သောမိဖုရားများထဲမှ လေးယောက်မြောက်မိဖုရားဖြစ်သည်။ အသက် ၁၅နှစ်တွင် စေ့စပ်ခဲ့ကြပြီး အသက် ၂၀တွင် လက်ထပ်ခဲ့ကြသော ဘုရင်ကြီးနှင့် မိဖုရားမှာ ငယ်ချစ်ဦးဖြစ်သလို မိဖုရားများစွာထဲမှ မွမ်တဇ်မဟာကို ဘုရင်ကြီးကအချစ်ဆုံးလည်းဖြစ်ပေသည်။
အိမ်ထောင်သက် ၁၇ နှစ်ကြာပေါင်းဖက်ခဲ့ရသော ရှာဂျဟန်နှင့်မိဖုရားတို့တွင် သားသမီး ၁၄နှစ်ယောက်ထွန်းကားခဲ့ပြီး နောက်ဆုံးကလေးမီးဖွားပြီးချိန် အသက် ၃၇နှစ်အရွယ်တွင် မိဖုရားကွယ်လွန်သွားခဲ့သည်။ ကာလရှည်ကြာပေါင်းဖက်ခဲ့ရသော အချစ်ဦးမိဖုရားသေဆုံးရခြင်းကြောင့် ဘုရင်ကြီးမှာ ကြီးစွာပူဆွေးသောကရောက်ရရှာလေသည်။ တစ်နှစ်ကြာပြီးနောက် ချစ်ရသောမိဖုရားကိုမြှုပ်နှံရန်ရည်စူးကာ ဂူဗိမာန်ကို ၁၆၃၂ ခုနှစ်တွင် စတင်တည်ဆောက်လေသည်။
ပါရှန်းဘာသာစကားအရ တာ့ဂ်ျမဟာကို နန်းတော်၏သရဖူဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ဆင်စွယ်ရောင် စကျင်ကျောက်များဖြင့် တည်ဆောက်ထားသော ဂူဗိမာန်ကြီးဖြစ်ပေသည်။ ဗလီတစ်ခု၊ နားနေဆောင်တစ်ဆောင်၊ ပန်းခြံတစ်ခုအပါအဝင် ၄၂ဧကကျယ်ဝန်းသောနေရာတွင် တာ့ဂ်ျမဟာ ဂူဗိမာန်မှာ အလယ်ခေါင်တွင် ထီးထီးကြီးတည်ရှိနေပါသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာတည်ဆောက်ခဲ့ရသော တာ့ဂ်ျမဟာကြီးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၈၂၇ သန်းကုန်ကျခဲ့ပေသည်။
အိန္ဒိယနိုင်ငံတွင်း မြို့များမှ စကျင်ကျောက်များအပြင်၊ တိဗက်၊ အာဖဂန်နစ္စတန်၊ သီရိလင်္ကာနှင့် အာရေဗီယန် စသည့်နိုင်ငံများမှ ကျောက်များစွာသည်လည်း တာ့ဂ်ျမဟာတည်ဆောက်ရတွင် အသုံးပြုခဲ့သည်။ ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် ဆင် အကောင်ရေပေါင်း တစ်ထောင်ကျော်ကိုလည်းအသုံးပြုခဲ့ရသည်။ လက်မှုပညာသည်ပေါင်း နှစ်သောင်းခန့်ပါဝင်တည်ဆောက်ခဲ့ရသော တာ့ဂ်ျမဟာကြီးမှာ ခမ်းနားကြီးကျယ်လှပလွန်းလှပေသည်။ (ပါးစပ်ရာဇဝင်အဖြစ် တာ့ဂ်ျမဟာတည်ဆောက်ပြီးတဲ့အခါမှ သိပ်လှလွန်းတော့ ထပ်တူကျတဲ့လက်ရာမျိုးမဆောက်နိုင်အောင် လက်မှုပညာသည်အကုန်လုံးရဲ့လက်တွေကို ဘုရင်ကြီးက ဖြတ်ပစ်ခဲ့ပါသတဲ့)
မိဖုရား၏ဂူမှာ တာ့ဂ်ျမဟာအဆောက်အဦး၏ အလယ်ခေါင်တွင်တည်ရှိပြီး မိမိတို့မြင်ရသည်မှာ မိဖုရားမြှုပ်နှံထားသည့် ဂူအစစ်မဟုတ်ဘဲ အစစ်မှာ အောက်ထပ်တွင်ထားရှိပြီး မည်သူ့ကိုမျှဝင်ခွင့်မပြုပေ။ မိဖုရား၏ဂူနဘေးတွင် ရှာဂျဟန်ဘုရင်ကြီး၏ဂူကိုပါ တွေ့မြင်နိုင်သည်။ ဂူနှစ်ခုစလုံးမှာ အဖြူရောင်စကျင်ကျောက်ဖြင့်ထုလုပ်ထားသော လေးထောင့်အောက်ခံခုံပေါ်တွင် တည်ရှိသည်။
ကြီးကျယ်ခမ်းနားဆုံးလက်ရာတစ်ခုမှာ အဆောက်အဦးတစ်ခုလုံး၏ အလယ် ဂူဗိမာန်၏ တည့်တည့်အပေါ် အလယ်ခေါင်တွင် ထီးထီးကြီးရှိနေသော စကျင်ကျောက်အမိုးခုံးကြီးဖြစ်သည်။ အမိုးခုံးကြီးမှာ ၁၁၅ ပေမြင့်ပြီး ထောင့်လေးထောင့်တွင် ၂၃ ပေမြင့် အမိုးခုံးငယ် လေးခုဖြင့် ဝန်းရံထားပေသည်။ အမိုးခုံး၏ ထူးခြားလှပသော ပုံသဏ္ဍာန်ကြောင့် ကြက်သွန်ဥအမိုးခုံး (သို့မဟုတ်) မာလကာသီးအမိုးခုံးလို့လည်း ခေါ်ကြပါသေးသည်။ အဓိက အမိုးခုံးကြီးနှင့် အမိုးခုံးသေး လေးခု၏ အောက်ခြေတွင် ဂူသင်္ချိုင်း၏အမိုးကို ကြာပန်းပုံသဏ္ဍာန်ကိုတည်ဆောက်ထားပေသည်။ အဆောက်အဦးတစ်ခုလုံး၏ထိပ်၊ အမိုးခုံး၏ထိပ်တွင် ပါရှန်းရိုးရာနှင့်ဟိန္ဒူရိုးရာကိုပေါင်းစပ်ထားသော ရွှေချထားသည့် အစ္စလမ်တို့၏ သင်္ကေတ လခြမ်းပုံကိုစိုက်ထူထားပေသည်။ ရင်ပြင်၏လေးထောင့်တွင်လည်း ပေ ၁၃၀ ခန့်မြင့်သော တိုင်လေးတိုင်စိုက်ထူထားသည်မှာ အဆောက်အဦးကြီးကို ပိုမိုထင်ရှားပေါ်လွင်စေပေသည်။
တာ့ဂ်ျမဟာအဆောက်အဦးတစ်လုံး၏ အပြင်ဘက်ပိုင်း၊ အတွင်းဘက်ပိုင်းများကို အကောာင်းဆုံးသော မိုဂဲလ်ဗိသုကာလက်ရာများဖြင့် တန်ဆာဆင် အလှဆင်ထားသည်မှာ အံ့သြမဆုံးဖွယ် လှပသေသပ်လွန်းလှပေသည်။ ပန်းချီများ၊ ပန်းတမော့လက်ရာများ၊ ကျောက်ထွင်းလက်ရာများ၊ လက်ရေးမူများကို ရှုမငြီးဖွယ်ရာတွေ့မြင်ရမည့်အပြင် ပါရှန်းကဗျာများ၊ ပန်းခက်ပန်းလက် ကျောက်ထွင်းပုံများ၊ ရောင်ပြန်ရွှံ့ပန်းချီများ၊ စကျင်မှန်ကူကွက်များ၊ အနုစိတ် ပန်းချီရေးဆွဲထားသော အမိုးများ၊ လက်ရေးကဗျာများဖြင့် လှပလွန်းသော နံရံများ၊ စည်းစနစ်ကျစွာ ပြုလုပ်ထားသော အုတ်စီကြမ်းပြင်များ အစရှိသည့် ကြည့်ရှုမကုန်သည့် ဗိသုကာလက်ရာများကိုတွေ့မြင်ရပေသည်။
၁၆၃၂ ခုနှစ်ကစတည်ဆောက်ခဲ့တဲ့ တာ့ဂ်ျမဟာကြီးဟာ ၁၆၅၂ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပြီး ၁၆၅၈ ခုနှစ်မှာ ဘုရင်ကြီး နာမကျန်းဖြစ်ခဲ့သည်။ ဘုရင်ကြီးနာမကျန်းဖြစ်နေတဲ့အချိန်မှာ သားတော်အချင်းချင်းထီးနန်းလုပွဲဖြစ်ခဲ့ကြသေးသည်။ ဘုရင်ကြီးနေပြန်ကောင်းချိန်တွင် သားတော်တစ်ပါးဘက်မှရပ်တည်ခဲ့သော်လည်း စစ်ရှုံးခဲ့သဖြင့် တခြားသားတော်ကိုယ်တိုင်က အာဂရာခံတပ် (Agra Fort) တွင် ဘုရင်ကြီးကို အကျယ်ချုပ်ကျခံခဲ့စေခဲ့သည်။ ဘုရင်ကြီးသည် ယမုံနာမြစ်တစ်ဖက်ကမ်းတွင် တာ့ဂ်ျမဟာနှင့်ပုံစံတူ အနက်ရောင် ဂူဗိမာန်တစ်ခုကို တည်ဆောက်ရန်စီစဉ်ထားသော်လည်း မဖြစ်မြောက်ခဲ့ပေ။ ရှာဂျဟန်ဘုရင်ကြီး၏ နောက်ဆုံးနေ့ရက်များကို အကျယ်ချုပ်ဖြင့်ထောင်ထဲတွင် ဖြတ်သန်းခဲ့ရသလို သူမြတ်နိုးလှသော မိဖုရား၏ဂူရှိရာ တာ့ဂ်ျမဟာသို့သွားရောက်ခွင့်မရှိခဲ့ဘဲ သူနေထိုင်ရာအခန်းမှသာ လှမ်းမျှော်ကြည့်နေခဲ့ရသည်မှာ ကြေကွဲဝမ်းနည်းဖွယ်ပင်ဖြစ်သည်။
ထောင်ထဲတွင် ရှစ်နှစ်ကြာအကျဉ်းကျနေစဉ်မှာပင် ရှာဂျဟန်ဘုရင်ကြီးမှာ သက်တော် ၇၄နှစ်တွင်ကွယ်လွန်ခဲ့ပေသည်။ ရှာဂျဟန်၏သားတော်သည် ဘုရင်ကြီးအတွက် နိုင်ငံတော်အခန်းအနားနှင့် သဂြိုလ်ခြင်းခွင့်မပြုသည့်အပြင် ဂူဗိမာန်အသစ်လည်းမဆောက်ပေးခဲ့ပေ။ ဘုရင်ကြီး၏ရုပ်အလောင်းကို ယမုံနာမြစ်ကိုဖြတ်ကာ တာ့ဂ်ျမဟာသို့ယူဆောင်၍ သူ၏ချစ်လှစွာသော မိဖုရား၏ဂူနဘေးတွင် မြှုပ်နှံထားစေသည်။
အိန္ဒိယ၊ ပါရှန်း နှင့် အစ္စလမ် တို့၏ဗိသုကာလက်ရာများပေါင်းစပ်ဖွဲ့စည်းထားသည့် တာ့ဂ်ျမဟာကြီးသည် မိုဂဲလ် အင်ပါယာ၏ ကြီးမားကျယ်ပြန့်မှု၏ သာဓကပင်ဖြစ်သည်။
အိန္ဒိယရှိ မူဆလင်တို့၏ အဖိုးတန်ရတနာ အနုပညာလက်ရာဖြစ်ခြင်း၊ လေးစားဖွယ် အပြောင်မြောက်ဆုံးလက်ရာ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်ခြင်းတို့ကြောင့် ယူနက်စကို၏ World Heritage Site တွင် ၁၉၈၃ ခုနှစ်ကတည်းက စာရင်းသွင်းခြင်းခံခဲ့ရသည်။ ၂၀၀၇ ခုနှစ် ကမ္ဘာ့အံ့ဖွယ် (၇)ခုစာရင်းတွင် တစ်ခုအပါအဝင်အဖြစ် ကြေငြာခြင်းခံရပြီး နှစ်စဉ် ခရီးသွား ၇သန်းမှ ၈သန်းခန့်လာရောက်လည်ပတ်လျက်ရှိပေသည်။
ကြီးမားကျယ်ပြန့်လှသည့် မိုဂဲလ်ဗိသုကာယဉ်ကျေးမှုသမိုင်းကြောင်းများ၊
မြတ်နိုးလှစွာသော မိဖုရားအတွက်ရည်ရွယ်ကာ အပြောင်မြောက်ဆုံးတည်ဆောက်ခဲ့သော တာ့ဂ်ျမဟာ၊
မိဖုရားကိုမြှုပ်နှံထားမည့် ဂူသချုင်္ိင်းကို ကြီးကျယ်ခမ်းနားစွာတည်ဆောက်ပေးခဲ့သော ဘုရင်ကြီး၏အချစ်၊
ထောင်နန်းစံနေစဉ် မိဖုရားလဲလျောင်းရာ တာ့ဂ်ျမဟာကို အဝေးမှသာမြင်တွေ့ခွင့်ရခဲ့သော ဘုရင်ကြီး၏ ကြေကွဲလွမ်းဆွေးဖွယ် ဘဝရဲ့နောက်ဆုံးနေ့ရက်များ၊ စသည်တို့က အပြန်လမ်းတစ်လျှောက် တွေးစရာ လွမ်းမောစရာများဖြင့် ပြည့်နှက်နေပေတော့သည်။
ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့်အတူ အချစ်ရဲ့သင်္ကေတအဖြစ် ထာဝရတည်ရှိသွားမည့် တာ့ဂ်ျမဟာ…
ချောရဲ့ခရီးသွားအကြံပေးချက်များ
- ဒေလီမှအာဂရာ အသွားအပြန် Taxi Booking လုပ်ပါ။
- ရာသီဥတုပေါ်မူတည်၍ သက်တောင့်သက်သာရှိသော အဝတ်အစားများဝတ်ဆင်ပါ။
- ပုံကောင်းကောင်းလေးများရိုက်နိုင်ရန်အတွက် Taj Mahal View Point ကိုရောက်အောင်သွားပါ။
- အချိန်ရပါက Agra Fort နှင့် Fatehpur Sikri ကိုသွားလည်ပါ။
- အစားအသောက်အသစ်အဆန်းများကို မြည်းစမ်းလိုပါက Panchhi Brand ကထုတ်သော Petha ကို မြည်းကြည့်ပါ။
- ညအိပ်ညနေသွားလိုပါက Taj Mahal ကိုမြင်ရသော View ပါသည့် ဟိုတယ်ကိုရွေးချယ်ပါ။
*အခြားသိချင်သော အချက်အလက်များရှိပါက Comment တွင်ရေးခဲ့ပါ။ ချော တတ်နိုင်သလောက်ကြိုးစားပြီးကူညီပေးပါ့မယ်ရှင်။