အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၂)

(English Version)

အပိုင်း ၁ မှ အဆက် 

  1. Jantar Mantar

အခုလက်ရှိ ခေတ်ပေါ် နာရီတွေမပေါ်ခင် ရှေးခတ်က လူတွေ  ခုနှစ်၊ရက်၊လ၊အချိန်တွေကို တွက်ချက်ဖို့ တည်ဆောက်ခဲ့တဲ့ ဗိသုကာလက်ရာမြောက် နက္ခတ်ဗေဒဆိုင်ရာ ကိရိယာအဆောက်အဦးကြီးတွေကို လေ့လာချင်တယ်ဆိုရင်တော့ ဒေလီက Jantar Mantar မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

မြို့လယ်ခေါင် လူစည်ကားရာနေရာကနေ လမ်းလျှောက်သွားရင် အလွယ်လေးရောက်နိုင်တဲ့ Jantar Mantar ဟာ နက္ခတ်ဗေဒဆိုင်ရာ အဆောက်အဦး (ကိရိယာကြီးတွေ) ၁၃ ခုနဲ့ဖွဲ့စည်းထားတဲ့ နေရာကြီးဖြစ်ပါတယ်။ Jantar Mantar ဟာ အချိန်ခန့်မှန်းဖို့၊ ဂြိုလ်၊ နေ၊ လတို့ရဲ့ ရွှေ့လျားမှုတွေကို စောင့်ကြည့်ဖို့နဲ့ နက္ခတ်ဗေဒဆိုင်ရာများကိုပေါင်းစပ်ခန့်မှန်းဖို့ စတဲ့ရည်ရွယ်ချက်များနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်တုန်းက တည်ဆောက်ခဲ့တာပါ။

သမိုင်းဝင် နက္ခတ်ဗေဒဆိုင်ရာ သိသာထင်ရှားလှတဲ့ အထိမ်းအမှတ်အဆောက်အဦးတွေဖြစ်တာကြောင့် အဓိကခရီးသွားဆွဲဆောင်မှုအဖြစ်အနေနဲ့ တည်ရှိနေပါတယ်။

Tips by Chaw 

  • ဝင်ကြေးကတော့ Foreigners : 100 ရူပီး ၊ Indians : 5 ရူပီးပါ။
  • Jantar Mantar ဟာ Connaught Place မြို့လည်ခေါင်နဲ့ နီးတာမို့ တခြားနေရာတွေကို လည်ပတ်ရင်းနဲ့ တစ်ပါတည်း သွားလည်လို့ရပါတယ်။ အချိန်အများကြီးပေးစရာမလိုပါဘူး။

 

  1. Sikh temple – Gurudwara Bangla Sahib

ဆစ်ခ်လို့ပြောလိုက်ရင် တာဘန် ခေါင်းပေါင်းကြီးတွေ ဝတ်ထားတဲ့သူတွေကို ပြေးမြင်မိကြမှာပါ။ အိန္ဒိယနိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်တဲ့ ပန်ဂျပြည်နယ်ကနေ မွေးဖွားလာတဲ့ ဆစ်ခ်ဘာသာဟာ အိန္ဒိယမှာ ရှိတဲ့ ဘာသာတရားကြီးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

Gurudwara Bangla Sahib ဆစ်ခ်ဘုရားကျောင်းကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်ခန့်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး အဖြူရောင်ဘုရားကျောင်းဆောင်ကြီးပေါ်မှာ ရွှေရောင်အမိုးခုံးကြီးတစ်ခုပါရှိပြီး လှပလွန်းလှပါတယ်။

ဘုရားကျောင်းဝင်းထဲမှာဆိုရင် မီးဖိုချောင်တစ်ခု၊ ရေကန်ကြီးတစ်ခု၊ ကျောင်းတစ်ကျောင်း၊ အနုပညာပြခန်းတစ်ခု နဲ့ ဘုရားကျောင်းကြီးတစ်ခု ရှိပါတယ်။ ဘုရားကျောင်းကြီးထဲကို ဝင်ရောက်လာပတ်လိုသူများအနေနဲ့ ခေါင်း၊ဆံပင် တွေကို ပုဝါ၊ ခေါင်းစည်းတို့နဲ့ ကာရမှာဖြစ်ပြီး ဖိနပ်စီးခွင့်မပြုပါဘူး။ ဖိနပ်အပ်ဖို့နေရာ စနစ်တကျထားရှိထားပြီး အပ်ခပေးစရာမလိုပါဘူး။ ခေါင်းစည်းဖို့ ပုဝါစတာတွေကို ဝင်ပေါက်မှာတင် ခြင်းတောင်းထဲအပြည့်ချပေးထားပြီး အပြန်ကျရင်တော့ ခြင်းတောင်းထဲပြန်ထည့်ခဲ့ရမှာပါ။ မီးဖိုချောင်ကြီးကတော့ ဘုရားကျောင်းကြီးကို လာရောက်လည်ပတ်သူ ဘယ်သူ့ကိုမဆို နေ့လည်စာနဲ့ ညစာ နှစ်ကြိမ် အခမဲ့ကျွေးမွေးပါတယ်။ ဘုရားကျောင်းကြီးဟာ နေ့စဉ် လူပေါင်း တစ်သောင်းနီးပါးကို အစားအစာများ ကျွေးမွေးလှူဒါန်းလျက်ရှိပါတယ်။ ဖိနပ်အပ်တဲ့နေရာ၊ သန့်ရှင်းရေးပြုလုပ်သူ၊ မီးဖိုချောင်က ချက်ပြုတ်သူ၊ စီမံသူ၊ စတဲ့သူတွေဟာအားလုံးဟာ စေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။

ဘုရားကျောင်းဝင်းထဲက ရေကန်ကြီးက ရေဟာ အနာရောဂါများကို သက်သာပျောက်ကင်းစေတယ်လို့ အယူအဆရှိကြပါတယ်။ တစ်ချို့တွေက ရေကန်ကြီးထဲက ရေကို သောက်သုံးကြသလို၊ တစ်ချို့ကတော့ ရေချိုးကြပါတယ်။ ဆစ်ခ်တွေဟာ ဒီဘုရားကျောင်းကြီးထဲက ရေကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သူတို့နေထိုင်ရာ အိမ်ကို ယူဆောင်ကြပါသတဲ့။ 

Gurudwara ဆစ်ခ်ဘုရားကျောင်းကတော့ ဆစ်ခ်ဘာသာဝင်များအတွက် ကြီးမြတ်တဲ့ နေရာတစ်ခုဖြစ်တာကြောင့် ဘုရားဖူးများနဲ့ အမြဲတမ်းလိုလို စည်ကားလှလျက်ရှိသလို ခရီးသွားများကိုလည်း ထူးခြားလှတဲ့ အတွေ့အကြုံ၊ အေးချမ်းမှုတွေကိုပေးဆောင်နိုင်တဲ့ လည်ပတ်စရာတစ်ခုအနေနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။

Tips

  • ခေါင်းကာဖို့ ပုဝါ ယူသွားပါ။ သူတို့ချမှတ်ထားတဲ့ စည်းကမ်းကိုလေးစားသောအားဖြင့် ခေါင်းမကာမိဘဲ မဝင်မိပါစေနဲ့။
  • ဘုရားကျောင်းဖြစ်တဲ့အတွက် လုံလုံခြုံခြုံဝတ်စားဆင်ယင်ရပါမယ်။
  • ဘုရားကျောင်းကြီးဟာ ၂၄ နာရီ၊ ပိတ်ရက်မရှိ ဖွင့်ပါတယ်။
  • ဝင်ကြေးပေးစရာမလိုပါဘူး။
  • ညနေဘက် နေမဝင်ခင်လောက်သွားရင် အတော်ပါပဲ။ အပူချိန်လည်းလျော့သလို နေ့ခင်းဘက်ဘုရားကျောင်းကြီးရဲ့အလှ နဲ့ ညဘက်မီးရောင်မှာမြင်ရတဲ့ အလှ နှစ်မျိုးစလုံးကိုတွေ့မြင်နိုင်မှာပါ။
  • ဘုရားကျောင်းကြီးက ကျွေးမွေးတဲ့ အစားအသောက်ကို မြည်းစမ်းကြည့်ပါ။ သူတို့ လူပေါင်း ထောင်ဂဏန်း၊ သောင်းဂဏန်းကို ဘယ်လိုစီမံပြီး ဘယ်လိုကျွေးမွေးသလဲဆိုတာကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုကိုပေးမှာပါ။ Community meals ကို နေ့လည် ၁၂ နာရီလောက်ကနေပြီး ည ၁၂ နာရီအတောအတွင်း နှစ်ကြိမ်ခွဲ ကျွေးမွေးပြီး အစားအသောက်ဟာ ရိုးရှင်းလှပြီး သိပ်အရသာရှိပါတယ်။ ချော ကတော့ ညနေ ၅နာရီရောက်သွားပြီး ည ၈နာရီလောက်မှာ ဘုရားကျောင်းကလှူဒါန်းတဲ့ ညစာကို ကံကောင်းထောက်မစွာ စားခွင့်ရခဲ့ပါတယ်။
  1. Qutub Minar

အိန္ဒိယရဲ့ အီဖယ်တာဝါလို့ တင်စားခေါ်ဝေါ်ကြတဲ့ Qutub Minar ဟာ အနီရောင်သဲကျောက်၊ စကျင်ကျောက်တို့နဲ့ တည်ဆောက်ထားတဲ့ ယူနက်စကို အသိအမှတ်ပပြု မျှော်စင်ကြီးတစ်ခုပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ရာကျော်လောက်ကတည်းက တည်ဆောက်ခဲ့တဲ့ Qutub Minar ကြီးဟာ ၂၄၀ ပေ အမြင့်ရှိပြီး အထပ်ပေါင်း ၅လွှာနဲ့ဖွဲ့စည်းထားကာ ကြောင်လိမ်လှေကားထစ်ပေါင်း ၃၇၉ ထစ် ပါရှိပါတယ်။ အရင်တုန်းကတော့ မျှော်စင်ကြီးပေါ် လူတက်ခွင့်ပြုပေမယ့် ၁၉၈၁ ခုနှစ်က မတော်တဆမှုတစ်ခုနောက်ပိုင်းမှာတော့ တက်ခွင့်မပြုတော့ပါဘူး။

မျှော်စင်ပတ်လည်မှာရှိတဲ့ အဆောက်အဦး အပိုင်းအစတွေ၊ လက်ရေးစာသားတွေရေးထိုးထားတဲ့ နံရံတွေ၊ အုတ်ဂူတွေ၊ သင်္ချိုင်းတွေ၊ သံမဏ္ဍိုင်ကြီးတစ်ခု၊ ဖျက်ဆီးခံထားရတဲ့ ဂျိုန်းဘုရားကျောင်းပုံစံအပိုင်းအစတွေ၊ လှပသေသပ်လှတဲ့ ဂိတ်ကြီးတွေ စတာတွေက Qutub Complex အဖြစ် အံမခန်းဖွယ်ရာ အစ္စလမ်ဗိသုကာလက်ရာများနဲ့ အိန္ဒိယဗိသုကာလက်ရာများပေါင်းစပ်ထားတဲ့ အရာများအနေနဲ့ တည်ရှိနေပါတယ်။

သမိုင်းဝင်အထိမ်းအမှတ်နေရာတစ်ခုအနေနဲ့ ယနေ့တိုင် မပျက်မစီး တည်ရှိနေတဲ့ Qutub Minar ဟာဆိုရင် လာရောက်လည်ပတ်သူများပြားတဲ့ ဒေလီက အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။

Tips by Chaw

  • နေ့စဉ် မနက် ၆နာရီကနေ ည ၆နာရီအထိဖွင့်ပါတယ်။
  • ဝင်ကြေးအနေနဲ့ကတော့ Foreigners: 250 ရူပီး၊ Indians: 10 ရူပီးပါ။
  • လာရောက်လည်ပတ်သူအရမ်းများတဲ့အတွက် လက်မှတ်ဝယ်တဲ့နေရာမှာ တန်းတော့စီစောင့်ရပါတယ်။

အပိုင်း ၃ ဆက်ရန်။

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top