အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၁)

(English Version)

မြို့တော် ဒေလီဟာ တိုင်းရင်းသားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ လူပေါင်းမြောက်များစွာနေထိုင်သော နာမည်ကျော်လှတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အိန္ဒိယ ဗျူရိုကရေစီနှင့် နိုင်ငံရေးစနစ်များမွေးဖွေးရာ အစိုးရရုံးများအခြေစိုက်ရာ နေရာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ သမိုင်းဝင် ယဉ်ကျေးမှုအဆောက်အဦးတွေ၊ ရှေးဟောင်း နေရာတွေကြောင့် ကျော်ကျားလှသို ဒေလီမြို့မှာလည်း လှပခမ်းနားတဲ့ယဉ်ကျေးမှု ဗိသုကာလက်ရာတွေကို ရင်သပ်ရှုမောနိုင်မယ့်နေရာတွေလဲ မြောက်များစွာတည်ရှိနေပါတယ်။

လူဦးရေထူထပ်များပြားလှတဲ့အပြင် ရှုပ်ယှက်ခတ်နေတဲ့ ဒီမြို့ကြီးမှာ ရောင်စုံလူအုပ်ကြီးတွေဟာ ဟိုနေရာဒီနေရာ အလုပ်ရှုပ်နေကြတာကိုမြင်တွေ့ရမှပါ။ ဒေလီမြို့ကြီးရဲ့ လူနေမှုဘဝ၊ ရုန်းကန်လှုပ်ရှားမှု စတာတွေဟာလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းလို့နေမှာပါ။

ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာအတူနေထိုင်ကြတဲ့ ဒေလီမြို့တော်ကြီးက သူ့ဆီလာလည်တဲ့ ဧည့်သည်တွေကို တနည်းနည်းနဲ့ စိတ်ဝင်စားအောင်ဆွဲဆောင်ကာ ကြိုဆိုနေပါလိမ့်မယ်။

ဒေလီရာသီဥတုဟာ အရမ်းပူတာမို့ ဆောင်းရာသီ (ဒီဇင်ဘာ-ဇန်နဝါရီ) ကလွဲပြီး ကျန်တဲ့လတွေမှာ လာလည်ဖြစ်ခဲ့ရင် အပြင်သွားတိုင်း ထီး၊ဦးထုပ်၊လက်ရှည်၊နေကာ စတဲ့ အပူဒဏ်က ကာကွယ်ပေးနိုင်တာတွေကို ဆောင်ထားဖို့လိုပြီး ရေဓါတ်မခမ်းခြောက်သွားဖို့ အမြဲတမ်းရေဗူးဆောင်ထားဖို့လိုပါမယ်။

လည်ပတ်စရာ၊ ကြည့်ရှုစရာတွေအများကြီးထဲကမှ နယူးဒေလီမြို့တော်အနီးအနားမှာ ချော ရောက်ခဲ့ဖူးတဲ့နေရာတွေထဲကမှ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ Lotus Temple

Lotus Temple ဟာဆိုရင် လှပလွန်းတဲ့ အဖြူရောင်ကြာပန်းပွင့်ကြီး သဏ္ဍာန်တည်ဆောက်ထားတဲ့ အဆောက်အဦးကြီးတစ်ခုဖြစ်ပါတယ်။ Bahá’í   ဘာသာရေးဝတ်ပြုဆုတောင်းရာ နေရာဖြစ်ပေမယ့်လည်း လူမျိုးဘာသာမရွေး၊ ကျားမမရွေး သွားရောက်လည်ပတ်နိုင်တဲ့နေရာဖြစ်ပါတယ်။

Lotus Temple ကို ဂရိအဖြူရောင်စကျင်ကျောက်တွေသုံးပြီးတော့ ကြာပန်းပုံသဏ္ဍာန်တည်ဆောက်ထားပြီးတော့ ဘေးပတ်လည်မှာ ရေကန် ကိုးခုဝန်းရံထားတာဟာဆိုရင်ဖြင့် အပေါ်ကနေကြည့်မယ်ဆိုရင် ကြာပန်းသဏ္ဍာန်ကိုပိုမိုပေါ်လွင်နေစေပါတယ်။ အတွင်းဘက် ဗဟိုခန်းမကိုဝင်ဖို့ တံခါး ကိုးပေါက်ပါရှိပြီး အဲဒီဗဟိုခန်းမဟာဆိုရင် လူပေါင်း နှစ်ထောင့်ငါးရာခန့်ဝင်ဆန့်ပါတယ်။ ကြာဖူးအတွင်းရွက်ကြားတွေကနေ အလင်းရောင်ဝင်စေနိုင်ပြီး ဗဟိုခန်းမကြီးတစ်ခုလုံး လင်းထိန်နေစေဖို့ ဘာအပြင်အလင်းရောင်မှပေးစရာမလိုအောင်၊ သဘာဝအလင်းရောင်ဝင်နိုင်အောင်ဒီဇိုင်းပြုလုပ်ထားတာပါ။ ပန်းခြံကြီးတစ်ခု၊ ကြာပန်းပုံအဆောက်အဦးကြီးကိုဝန်းရံထားတဲ့ ရေကန် ကိုးခုအပါအဝင် Lotus Temple ကြီးဟာ ၂၆ ဧကခန့်ကျယ်ဝန်းပါတယ်။

ကမ္ဘာ့ခရီးသွားအလည်ပတ်ဆုံးသောစာရင်းဝင်အဆောက်အဦးတစ်ခုဖြစ်သလို၊ ဗိသုကာလက်ရာနဲ့ပတ်သက်တဲ့ဆုပေါင်းများစွာရရှိထားတဲ့ ထင်ရှားတဲ့ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။

ထူးခြားဆန်းပြားတဲ့ ဗိသုကာလက်ရာကြီးကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုနိုင်သလို အေးချမ်းတိတ်ဆိတ်မှုကိုလည်း ကိုယ်တွေ့ခံစားနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။

Tips by Chaw

  • Lotus Temple က အသံတိတ်ဆုတောင်းတဲ့သူတွေ၊ တရားထိုင်တဲ့သူတွေရှိတဲ့နေရာဖြစ်တဲ့အတွက် ဆူညံသံများမပြုလုပ်မိစေဖို့ သတိပြုရပါမယ်။
  • တရားဒေသနာတွေ ရွတ်ဖတ်တာ၊ ဟောပြောတာ၊ ရန်ပုံငွေရှာတာ၊ ဂီတတူရိယာတွေတီးမှုတ်တာ စတာတွေကို တားမြစ်ကန့်သတ်ထားတဲ့နေရာဖြစ်ပါတယ်။
  • သူတို့ ဝတ်ပြုဆုတောင်းချိန် 10 AM၊ 12 PM၊ 3 PM နဲ့ 5 PM စတဲ့အချိန်တွေမှာ ကိုယ်က ခန်းမထဲရောက်နေပါက ထွက်မသွားဘဲ သူတို့ဝတ်ပြုပြီးတဲ့အချိန်ထိ ခန်းမထဲမှာနေပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
  • ဝင်ကြေးပေးဆောင်ရန် မလိုပါ။

၂။ Akshardham Temple

Swaminarayan Akshamdham လို့လဲခေါ်တဲ့ Akshamdham Temple ကတော့ ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပြီး ဟိန္ဒူရိုးရာ နဲ့ အိန္ဒိယယဉ်ကျေးမှု ပေါင်းစပ်ကာ တည်ဆောက်ထားတဲ့ ဘာသာရေးဆိုင်ရာ ဗိသုကာအဆောက်အဦးကြီးတစ်ခုဖြစ်ပါတယ်။ ဘုရားကျောင်းကြီးတစ်ခုလုံးကို Rajasthani ပန်းရောင်သဲကျောက်နဲ့ အီတလီ Carrara စကျင်ကျောက်များနဲ့ တည်ဆောက်ထားတာပါ။ ဟိန္ဒူဗိသုကာလမ်းညွှန်ချက်များအရ ဘုရားကျောင်းအဓွန့်ရှည်စေဖို့ ဘိလပ်မြေ၊ သံမဏိတွေ မသုံးဘဲ ဆောက်ထားတာပါ။

အဆောက်အဦးကြီးတစ်ခုလုံးမှာ အသေးစိတ်ကျပြီး ရှုပ်ထွေးလှတဲ့ ပန်းခက်ပန်းလက်ပုံများ၊ တိရစ္ဆာန်မျိုးစုံပုံများ၊ ကချေသည်ပုံများ၊ အတီးအမှုတ် ဂီတပညာရှင်ပုံများ၊ နတ်သား နတ်သမီးပုံများ ထွင်းထုထားတာဟာ ထူးဆန်းအံ့သြဖွယ်ရာပါ။ ဘုရားကျောင်းတော်ကြီးမှာ များပြားစွာတန်ဆာဆင်ထွင်းထုထားတဲ့ ဒဏ္ဍာရီလာပုံပြင်ထဲက ရုပ်ပုံများကို ထုလုပ်ထားတာကို မြင်တွေ့ရမှာပါ။ အဆောက်အဦးတစ်ခုလုံး၏ အောက်ခံခုံကိုလည်း ဟိန္ဒူယဉ်ကျေးမှုနဲ့အိန္ဒိယသမိုင်းကြောင်းမှာ အရေးပါလှတဲ့ ဆင်များ၏ ဂုဏ်ကျေးဇူးကို ချီးကျူးဖော်ထုတ်တဲ့အနေနဲ့ ဆင်ရုပ်များကို အံ့မခန်းဖွယ်ရာထွင်းထုထားတာကို မြင်တွေ့ရပါတယ်။ ဟိန္ဒူဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဆွာမိ နာရာရမ် ကိုအမှုထားကာ တည်ဆောက်ထားသောကြောင့် ကျောင်းတော်ကြီး၏ အလည်ခေါင်မိုးတည့်တည့်တွင် ဘုန်းတော်ကြီး၏ ရုပ်တုကိုလည်း တွေ့မြင်ရပါတယ်။

နောက်ထပ်ဆွဲဆောက်မှုတစ်ခုအနေနဲ့ကတော့ ရေပန်းပြပွှဲဆိုတဲ့ဟာပါ။ စည်းချက်ညီညီ ယိမ်းနွဲ့လှုပ်ရှားနေတဲ့ အလင်းရောင်းတန်း၊ အသံ၊ ရေပန်းစတာတွေကို လှလှပပ ပုံဖော်ပြသွားတာပါ။ water show တစ်ခုလုံးကို ဇာတ်လမ်းနောက်ခံလေးပါထည့်ထားပြီး ပရော်ဂျက်တာနဲ့ နံရံပေါ်မှာထိုးပြပြီး သရုပ်ဖော်သွားတာက တကယ့်ကို လှပလွန်းပါတယ်။ ဇာတ်လမ်းလေးဟာဆိုရင်လည်း စိတ်ဝင်စားစရာကောင်းသလို မပျင်းရအောင်လည်း ပုံဖော်သွားပါသေးတယ်။ Water show တစ်ခုလုံးကတော့ လာကြည့်သမျှလူတွေအကုန်လုံး အံ့သြမှင်တက်မိတဲ့ရှိုးတစ်ခုပါပဲ။

Akshardham Temple ဟာဆိုရင် ဂင်းနစ်ကမ္ဘာ့စံချိန် မှာ ကမ္ဘာ့အကြီးဆုံး ဘက်စုံ ဟိန္ဒူဘုရားကျောင်းကြီးအဖြစ် မှတ်တမ်းတင်ခံရဖူးပါတယ်။ ဗိသုကာလက်ရာတွေကို ကြိက်နှစ်သက်သူတွေအတွက် နေရာကောင်းတစ်ခုဖြစ်သလို ညနေခင်းထွက်လည်ဖို့ကောင်းတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Tips by Chaw

  • ဝင်ကြေးပေးဆောင်ရန်မလိုပါ။
  • ဘုရားကျောင်းအတွင်းသို့ လက်ကိုင်ဖုန်း၊ ကင်မရာ သယ်ယူခွင့်မပြုပါ။ မိမိနဲ့ပါလာတဲ့ အိတ်၊ ဖုန်း၊ ကင်မရာ အစရှိသည်များကို အပြင်ဘက် locker မှာသိမ်းဆည်းခဲ့ရမှာပါ။ (တန်ဖိုးကြီးပစ္စည်း၊ ပိုက်ဆံအိတ်မှလွဲ၍)
  • ၂၄ မိနစ်ကနေ မိနစ် ၃၀လောက်ကြာတဲ့ ရေပန်းပြပွဲ (သီချင်း၊ အက နဲ့ မီးဆလိုက်များဖြင့် ဖျော်ဖြေသော) ကတော့ တကယ့်ကိုလှပလွန်းတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါနော်။

အချိန်ကတော့ နေဝင်ချိန်ပြီးရင် နှစ်ချိန်ခွဲပြီးပြပါတယ်။ လာကြည့်သူ လူအရမ်းများတာမို့ ရောက်ရောက်ချင်း water show လက်မှတ်လို့ပြောပြီး ကောင်တာမှာအရင်ဝယ်ထားလိုက်ပါ။

(ခန့်မှန်းခြေ – ညနေ ၆ခွဲ၊ ၇ နာရီလောက်ပြတတ်ပါတယ်)

(ဈေးနှုန်းကတော့ လူကြီးတစ်ယောက်ကို ရူပီး ၈၀ နဲ့ ကလေးတစ်ယောက်ကို ရူပီး ၅၀ ကျသင့်မှာပါ)

  • ဘုရားကျောင်းကြီးက မနက် ၁၀ နာရီကနေ ည ၈နာရီ အထိဖွင့်ပါတယ်။ (တနလာင်္နေ့ပိတ်ပါတယ်)

လက်မှတ်အရောင်းကောင်တာတွေကတော့ ညနေ ၆နာရီ၊ ၇ နာရီလောက်ဆိုပိတ်ပါတယ်။

၃။ India Gate

India Gate ဟာ စစ်အောက်မေ့ဖွယ်ရာ နေရာတစ်ခုဖြစ်ပြီး အသွင်သဏ္ဍာန်ကတော့ ဂိတ်ပေါက်အကြီးကြီးတစ်ခု တည်ရှိနေသလိုပါ။ ပထမ ကမ္ဘာစစ် နဲ့ တတိယ အန်ဂလို-အာဖဂန် စစ်ပွဲ တုန်းက ကျဆုံးသွားတဲ့ အိန္ဒိယစစ်သား နဲ့ ဗြိတိသျှစစ်သားများကို ရည်ရွယ်ကာ ဆောက်လုပ်ထားတဲ့ အထိမ်းအမှတ် ဂိတ်ကြီးတစ်ခုဖြစ်ပြီး စစ်မှုထမ်းပေါင်း မြောက်များစွာတို့ရဲ့ နာမည်တွေကို ၄င်းမျက်နှာပြင်ပေါ်မှာ ရေးထိုးထားပါတယ်။

India gate ဟာ သမ္မတအိမ်တော် (Rashtrapati Bhavan ) နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး Rajpath လို့ခေါ်တဲ့ လမ်းမကြီးနဲ့ ဆက်ထားတာပါ။ Rajpath လမ်းမကြီးရဲ့ တစ်ဖက်တစ်ချက်မှာဆိုရင်တော့ ပန်းခြံတွေ၊ ရေပန်းတွေ၊ ရေကန်တွေနဲ့ လှလှပပပြည့်နှက်နေပါတယ်။ အဲဒီနေရာတစ်ဝိုက်ဟာ ဒေသခံတွေရော၊နိုင်ငံခြားသားတွေနဲ့ပါ ပြည့်နှက်နေတတ်ပြီး ကျော်ကြားလှတဲ့ အပန်းဖြေနားနေရာနေရာတစ်ခုဖြစ်ပါတယ်။  Rajpath လမ်းမကြီးဟာ အိန္ဒိယရဲ့အရေးကြီးလမ်းမတွေထဲကတစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့တိုင်း Republic Day ကို ခမ်းနားကြီးကျယ်စွာ ကျင်းပလေ့ရှိပါတယ်။

အိန္ဒိယဂိတ်ရဲ့အောက်မှာတော့ အနက်ရောင်စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ စင်ပေါ်မှာ မီးတောက်လေးခု အမြဲလောင်ကျွမ်းနေတာကိုတွေ့မြင်ရမှာပါ။ အဲဒါကို Amar Jawan Jyoti သို့မဟုတ် ထာဝရရှင်သန်နေမည့် စစ်သားများ၏ မီးတောက်မီးလျှံများလို့လည်းခေါ်ပါတယ်။ စင်မြင်ကိုစတင်ဆောက်လုပ်ခဲ့တဲ့ ၁၉၇၁ ခုနှစ်ကစပြီး ယနေ့တိုင်အထိ အမည်မသိစစ်သားများ၏သင်္ချိုင်းအဖြစ် တည်ရှိနေပါတယ်။

အိန္ဒိယဂိတ်ဟာဆိုရင် ဒေလီရဲ့အထင်ကရ အမှတ်သင်္ကေတတစ်ခုအဖြစ်တည်ရှိနေပြီး နိုင်ငံခြားသားများ မဖြစ်မနေလာရောက်လည်ပတ်ရာနေရာတစ်ခုဖြစ်ပါတယ်။ အပန်းဖြေနားနေရာနေရာတစ်ခုလို လူသူစည်ကားလှသလို အထူးသဖြင့် ညနေခင်းတွေ၊ ရုံးပိတ်၊ ကျောင်းပိတ်ရက်တွေ လူငယ်လေးတွေနဲ့ အမြဲတစ်စေစည်ကားနေတတ်ပြီး ပန်းခြံတွေထဲမှာ ခရစ်ကတ်ကစားနေကြတာကိုလည်း ဟိုတစ်ခုသည်တစ်စုတွေ့ရဦးမှာပါ။

Tips by Chaw

  • ဓါတ်ပုံကောင်းကောင်းရိုက်လိုပါက သို့မဟုတ် လူရှုပ်သည်ကိုမကြိုက်ပါက မနက်စောစော သို့မဟုတ် ရုံးဖွင့်ရက်များတွင် သွားလည်ပါ။
  • Rajpath လမ်းမကြီးတစ်လျှောက် လမ်းလျှောက်၍သော်လည်းကောင်း နီးရာ ပန်းခြံများထဲတွင် လမ်းလျှောက်၍သော်လည်းကောင်း အချိန်ဖြုန်းပါ။
  • အိန္ဒိယဂိတ်နှင့် အနီးတစ်ဝိုက်တွင် ကားပါကင်ရရန်မှာ ခက်ခဲသောကြောင့် Taxi သို့မဟုတ် သုံးဘီး စသည့် local transport များကိုသုံးပါ။

အပိုင်း ၂ ဆက်ရန်။

အပိုင်း ၂

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top