ငြိမ်းချမ်းရာရှာ ကျိုက်ထီးရိုးမှာ

( English Version )

မိုးရာသီကုန်လုနီး၊ သီတင်းကျွတ်မရောက်ခင် ရက်ပိုင်းအလို၊ အောက်တိုဘာလ ပထမအပတ် တစ်ခုသော သောကြာနေ့တွင် အလုပ်ထဲမှာစိတ်ဖိစီးမှုများသည်ကတစ်ကြောင်း၊ ရန်ကုန်မှာနေရတာစိတ်ပင်ပန်းမွန်းကျပ်လာသည်တစ်ကြောင်းကြောင့် ရုံးကပြန်ရောက်ရောက်ချင်း စဉ်းစားမိသည်မှာ ခရီးသွားဖို့ပင်ဖြစ်သည်။

ခရီးသွားခြင်းဖြင့် စိတ်ထွက်ပေါက်ရှာ၊ ငြိမ်းချမ်းရာရှာတတ်လေသူဖြစ်သဖြင့် စိတ်ဖိစီးမှုတွေများလာတိုင်း ခရီးသွားဖို့ကလွဲ၍ ဘာမှမစဉ်းစားမိ။

မြန်မာနိုင်ငံမှာက သွားလည်စရာနေရာတွေကများသည်မို့ ဘယ်လောက်သွားသွား၊ သွားစရာနေရာကုန်သွားမှာ စိတ်ပူရန်မလို။

စနေ၊ တနင်္ဂနွေသာအချိန်ရသည်မို့ နီးနီးနားနား ဘယ်သွားရင်ကောင်းမလဲ တွေးရင်း ငယ်တုန်းကတစ်ခေါက်ရဖူးသည့် အေးချမ်းလှသော ကျိုက်ထီးရိုးကိုပြေးမြင်မိသည်။

သွားမည့်နေရာသာတွေး၍ မနက်စောစောထရန် နှိုးစက်ကို မနက် ၃ နာရီပေးထားပြီးအိပ်ယာဝင်ဖြစ်ခဲ့သည်။ မနက် ၃နာရီထ ပေါ့ပေါ့ပါးပါးဝတ်စုံတစ်စုံဝတ်၊ မြန်မာဝတ်စုံတစ်စုံ၊ ညအိပ်ဝတ်စုံတစ်စုံ၊ သဘက်တစ်ထည်နှင့် အနွေးထည်တစ်ထည်ကို ဘေးလွယ်အိတ်ထဲကောက်ထည့်ကာ အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ Taxi ငှား၍ထွက်လာခဲ့လေသည်။

အောင်မင်္ဂလာသို့ရောက်ပြီးနောက် လက်မှတ်ဝယ်ရန် ဟိုလိုက်ကြည့် ဒီလိုက်ကြည့်နှင့် ဝင်း အဝေးပြေးကားဂိတ်မှ မနက် ၆ခွဲတွင် ကျိုက်ထီးရိုးသို့တိုက်ရိုက်ထွက်ခွာမည့် ကားလက်မှတ်ကို ရှစ်ထောင်ကျပ်ဖြင့် အသွားခရီးအတွက်သာ ဝယ်လိုက်သည်။ ထို့နောက် အချိန်ရသေးသဖြင့် မနက်စာကို ကားဝင်းထဲက လက်ဖက်ရည်ဆိုင်တွင် အေးအေးလူလူ လက်ဖက်ရည်နှင့်ပေါက်စီ ကိုအဝစားဖြစ်ခဲ့သည်။ ၆ခွဲကျော်ကျော်လောက်တွင် ကားမှာ အောင်မင်္ဂလာမှကျိုက်ထီးရိုးသို့စတင်ထွက်ခွာလာခဲ့သည်။ မနက်အစောကြီးထလာရသည်ကတစ်ကြောင်း၊ ဗိုက်အင့်သည်ကတစ်ကြောင်းမို့ ကားပေါ်မှာ အိပ်လိုက်၊စားလိုက်၊ သီချင်းနားထောင်လိုက်နှင့် ဇိမ်ကျလှပေသည်။

ရန်ကုန်ကနေ ကျိုက်ထီးရိုးတောင်ခြေအရောက်အထိ ငါးနာရီခန့်ကြာမြင့်လေသည်။ နေ့လည် ၁၂ နာရီခန့် တောင်ခြေကင်ပွန်းစခန်းကို ကားဆိုက်ပြီးနောက် နေ့လည်စာကို နီးရာစားသောက်ဆိုင်တွင် ခေါက်ဆွဲကြော်တစ်ပွဲမှာကာ ကသိုက်ကရိုက်စားလိုက်သည်။ ပြီးနောက် အပြန်လက်မှတ်ဝယ်ရန်အတွက် ဝင်းအဝေးပြေးကားဂိတ်ခွဲတွင်ပင် တနင်္ဂနွေ နေ့လည်အပြန်လက်မှတ်ဝယ်လိုက်သည်။ ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်သို့ လမ်းလျှောက်တက်သည့်သူများသလို၊ ကင်ပွန်းစခန်းမှ တောင်ပေါ်စခန်း ရင်ပြင်တော်ထိ Truck ဖြင့်သွားသည့်သူများလည်းရှိသည်။ ကိုယ်ကတော့ အစအဆုံး ကားဖြင့်သာတက်မည်ဟု ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်သည်။

တောင်ပေါ်တက်မည့် ကားများမှာ ညနေ လေးနာရီလောက်အထိပြေးဆွဲသည်မို့ ပူစရာမလိုသော်လည်း  ကားတစ်ကားလုံးလူပြည့်မှ ထွက်သည်မို့ နေရာဦးထားကာ ခဏစောင့်လိုက်သည်။ အမိုးဖွင့် Truck ကားပေါ်၌ တန်းစီထားသော သစ်သားတန်းများပေါ်တွင် လူအယောက်  ၄၀ ခန့်ခဏချင်းပြည့်သွားပြီးနောက် တောင်ခြေမှစထွက်ခွာလာခဲ့သည်။ မိုးလေးတအုံ့အုံ့ လေတဖြူးဖြူးနှင့် မတ်စောက်လွန်းသောတောင်ပေါ်သို့ ကားကြီး ကွေ့ကာဝိုက်ကာ မောင်းတက်သွားသည်မှာ အသည်းယားစရာပင်။ တောင်ခြေမှ ဘုရားရင်ပြင်တော်ထိ တစ်ယောက် ၃ထောင်ကျပ်ကျသင့်ကာ တော်ရုံကျွမ်းကျင်မှုမျိုးနှင့် မမောင်းနိုင်သော တောင်ပေါ်မတ်စောက်လမ်းများကို ခရီးသည်များစွာတင်ဆောင်ပြီး စိတ်ငြိမ်စွာမောင်းသွားသည်မှာ တကယ့် ကျွမ်းကျင်သူပီသလှပေသည်။  သဘာဝကိုသိပ်ချစ်သော ကိုယ့်မှာ စိမ်းလန်းလှစွာသော တောအထပ်ထပ်၊ တောင်အလီလီကို ငေးမောမဆုံးသည့်အပြင် အသည်းတယားယား လေတဖြူးဖြူးက ထပ်လောင်းပါသည်မို့ တောင်အတက်လမ်းမှာတင် စိတ်အေးချမ်းခဲ့ရပါသည်။

၄၅ မီနစ်၊ ၁နာရီခန့်ကြာပြီးနောက် ရင်ပြင်တော်ခြေရင်း ကားရပ်နားစခန်းသို့ ဆိုက်ရောက်လေသည်။ ထို့နောက် ရင်ပြင်တော်ပေါ်သို့ လမ်းလျှောက်သွားရင်းနှင့် တောင်ဝှေးကိုယ်စီကိုင်ကာ ကင်ပွန်းစခန်းမှ လမ်းလျှောက်တက်လာသူတို့ကို ဟိုတစ်စု၊ သည်တစ်စုတွေ့ရလေသည်။ လမ်းမလျှောက်နိုင်သူများက လူသယ်ထမ်းပိုးများပေါ်တွင်ထိုင်ကာ အိပက် အိပက်နှင့် ရွေ့သွားသည်မှာလည်း တစ်မျိုးတစ်မည် အမြင်ဆန်းလို့နေသလို အထမ်းသမားများ၏ မလွယ်ကူလှသောဝမ်းစာရှာဖွေမှုကိုလည်း ဂရုဏာသက်မိပေသည်။ လမ်းတစ်လျှောက် မည်သည့်ဟိုတယ်တည်းရင်ကောင်းမလဲဟုစဉ်းစားရင်း ဟိုတယ်မရပါက ရင်ပြင်ပေါ်မှာ သဘက်ခင်းပြီးအိပ်မည် ဒါမှမဟုတ် မအိပ်ဘဲနေမည်ဟု တွေးမိလေသည်။

ကျိုက်ထီးရိုးဘုရားမုဒ်ဝသို့ရောက်သောအခါ စကဒ်အတို၊ ဘောင်းဘီ များဖြင့် ဝင်ခွင့်မပြုဘဲ မိန်းကလေးဆိုလျင် ထမိန်၊ စကပ်အရှည်များဖြင့် လဲဝတ်ရသလို၊ ယောကျာ်းလေးဆိုလျင် လုံချည်၊ ဘောင်းဘီရှည်ကို လဲဝတ်ရလေသည်။ အဝတ်လဲအခန်းမှာ လူတစ်ကိုယ်စာ သစ်သားခန်းလေးကို တောင်စွန်းမှာ ဆောက်ထားသည်မို့ အောက်ကိုငုံမကြည့်ရဲအောင်ပင်ဖြစ်ရသည်။

 အဝတ်လဲပြီးနောက် ဟိုတယ် Check In ဝင်ရန် ဘယ်ညာပြည့်နှက်နေသည့် ဟိုတယ်များထဲမှ ရိုးရိုးလေးဟိုတယ်ကို ဝင်မေးဖြစ်ခဲ့သည်။ ကျိုက်ထီးရိုးသို့ ဘုရားဖူးအလာများဆုံး ကာလမှာ နိုဝင်ဘာလမှ မတ်လအထိဖြစ်သော်လည်း ကျန်တဲ့လများမှာပင် အတော်အသင့် လူစည်ကားလျက်ရှိပေသည်။ သီတင်းကျွတ်ကာလ လူစည်မှာစိုးသည်ကြောင့် လပြည့်နေ့မတိုင်ခင် ထွက်လာခဲ့သော်လည်း ဟိုတယ်မှာ လူပြည့်နေသဖြင့် နာရီပိုင်းမျှထိုင်စောင့်ခဲ့ရသေးသည်။ ဘာဝယ်ဝယ်၊ ဘယ်သွားသွား ဈေးမဆစ်တတ်သည့် ကိုယ့်မှာ အခန်းတစ်ခန်းကို ရှစ်သောင်း၊တစ်သိန်းတန်များပြနေသဖြင့် ညဘက်ခဏနား၊ ရေမိုးချိုး၊ ကိုယ်လက်သန့်စင်ရန်သာ မည်သည့်ဇိမ်ခံပစ္စည်းမျှမလိုပါဟု အတန်တန်ပြောပြီးနောက် လေးသောင်းတန်အခန်းတစ်ခန်းရပေသည်။ မြေအောက်ထပ် ၂လွှာခန့်ဆင်းပြီးနောက် ကုတင်တစ်လုံး၊ စောင်တစ်ထည်၊ ခေါင်းအုံးတစ်လုံး၊ အမှိုက်ပုံးတစ်လုံးပါ အခန်းသေးတစ်ခန်းသို့ရောက်လေသည်။ ရေချိုးခန်း၊ အိမ်သာမှာ အများသုံးဖြစ်သဖြင့် တန်းစီကာစောင့်ရသည့်အပြင် အခန်းမှာ မြေအောက်ရောက်နေသည်ကတစ်ကြောင်း၊ မှောင်သည်ကတစ်ကြောင်းကြောင့် အနံ့အသက်သိပ်မကောင်းလှပေ။ သို့သော် ဝရံတာမှ မြင်ရသော ရှုခင်းကတော့ သိပ်လှလွန်းလေသည်။ စိမ်းရင့်ရောင် စိမ်းနုရောင် တောင်အထပ်ထပ်ကို မြင်ရသည်မှာ အပန်းပြေလှပေသည်။ ကိုယ်လက်သန့်စင်ပြီးနောက် နာရီဝက်ခန့်အနားယူကာ ကျိုက်ထီးရိုးဘုရားအကြောင်းတွေးမိလေသည်။

ကျိုက်ထီးရိုးဘုရားသည် ရန်ကုန်မြို့မှ မိုင် ၁၃၀ ခန့်ဝေးသည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်တည်ရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ကိန်းဝပ်စံပယ်ရာ နေရာဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၀၉ ပေတွင်တည်ရှိသော ကျိုက်ထီးရိုးတောင်သည် ရွှေတိဂုံဘုရားနှင့် မဟာမုဋိဘုရားပြီးလျင် တတိယမြောက် ဘုရားဖူးခရီးသည် အလာများဆုံးသော နေရာဖြစ်သည်။ မြန်မာလူမျိုးများအပြင် နိုင်ငံခြားသားများကပါ စိတ်ဝင်တစားလာရောက်လည်ပတ်လျက်ရှိသော ကျိုက်ထီးရိုးဘုရားမှာ ကျောက်စွန်းတစ်ခုပေါ်တွင် အလွန်ကြီးမားသော ကျောက်တုံးကြီးတစ်ခုတင်နေပြီး ထိုအပေါ်မှာမှ ၂၄ပေမြင့်သော စေတီကိုတည်ထားခြင်းဖြစ်သည်။ စေတီကြီး၏ ထူးခြားသော သဏ္ဍာန်ကြောင့်လည်းကောင်း ပေါင်းလောင်းတောင်ကြောပေါ်တွင်တည်ရှိပြီး ကျယ်ပြောလှပလှသော အပေါ်စီးမြင်ကွင်းတွေကြောင့်လည်းကောင်း မြန်မာမှာသာမက ကမ္ဘာမှာပင်ကျော်ကြားလှပေသည်။

ခဏအနားယူပြီးနောက် ရင်ပြင်တော်ပေါ်သို့ တက်လာခဲ့ရာ ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။ ရေခိုးရေမွေ့များဖြင့် ဘယ်နေရာကြည့်ကြည့် မှုန်ဝါးဝါးဖြစ်နေသည့်အပြင် မိုးဖွဲလေးများပင်ကျနေသော်လည်း ရင်ပြင်တော်မှာ ဆီမီးပူဇော်သူများ၊ ရွှေသင်္ကန်းကပ်သူများ၊ သစ်သီး၊ဆွမ်း၊ပန်းကပ်သူများ ဖြင့်ပြည့်နှက်နေပေသည်။ အေးသလိုရှိလာ၍ အနွေးထည်ထပ်ဝတ်ကာ အေးချမ်းလှသော ရာသီဥတုမှာ စိတ်ပါအေးချမ်းလာခဲ့ပါသည်။ ဘုရားရှိခိုး၊ မေတ္တာသုတ်ရွတ်၊ ၁၅ မိနစ်ခန့်တရားထိုင်ပြီးနောက် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များရှိရာထွက်လာခဲ့လေသည်။ အလုအယက် တိုးကျိတ်နေသော ဈေးဆိုင်များမှာ စည်ကားလှသလို ရောင်စုံ၊ အဆင်စုံချိတ်ဆွဲထားသော အင်္ကျီများ၊ ကစားစရာများမှာ မျက်စိပသာဒဖြစ်လှပေသည်။ ဈေးတော်သည်မို့ ဆွယ်တာတစ်ထည်၊ ဦးထုပ်တစ်လုံး၊ အိတ်တစ်လုံးဝယ်ဖြစ်ခဲ့လေသည်။

ထို့နောက် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကို လာရောက်ကြသူတိုင်း သွားရောက်ကြသည့်နေရာတစ်ခုဖြစ်သည့် ကျီးပါးစပ်လှိုဏ်ဂူသို့ ဦးတည်ဖြစ်သည်။ ကျိုက်ထီးရိုးစေတီတော်မှ ကျီးပါးစပ်သို့သွားရန် မုဆိုးတော်ဘုရားလမ်းမှ ဆင်းလာခဲ့သည်။ ဆင်းလမ်းတစ်လျှောက် အမှတ်တရ လက်ဆောင် ပစ္စည်းအရောင်းဆိုင်များဖြင့် ပြည့်နှက်နေသည့်အပြင် ဒေသထွက် သစ်မြစ် သစ်ဥများကို အသုံးပြု၍ဖော်စပ်ထားသောဆေးအရောင်းဆိုင်များ၊ မြွေခြောက်ကြီးများ၊ ဆိတ်ချိုကြီးများ၊ ကင်းမြီးကောက်များ စသည့်တိရစ္ဆန်များကို ဆေးပုလင်းများထဲတွင် ထည့်ထားသည့် ပရဆေးဆိုင်များမှာ ကြည့်မကုန်၊ ငေးမကုန်ဖြစ်ရပေသည်။ မီနစ် ၂၀ ကျော်လျှောက်လာပြီးနောက် ကျီးပါးစပ်သို့ရောက်လေသည်။ ကျီးပါးစပ်တွင် လူများအထူးစည်ကားလျက်ရှိပြီး အကြွေစေ့များကို ကျောက်လွှာနှစ်ခုကြားပစ်ထည့်ကာ ဆုတောင်းနေကြသည်ကိုတွေ့ရသည်။ ကျီးပါးစပ်မှ ကျိုက်ထီးရိုးစေတီသို့အပြန်လမ်းမှာ တောင်တက်ရသလိုပင်ဖြစ်သဖြင့် ဟိုနားတစ်ထောက်နား၊ ဒီနားတစ်ထောက်နားကာ အားယူတက်ခဲ့ရလေသည်။

ထို့နောက် ညစာကို လက်ဖက်ရည်၊ ကြက်ဥပြုတ်၊ ခေါက်မုန့် တို့အပြင် ထမင်းနှင့်ဟင်းကိုလည်း အဝတွယ်ဖြစ်ခဲ့လေသည်။ ဗိုက်လည်းပြည့် လည်စရာလည်းကုန်ပြီမို့ ဘုရားရင်ပြင်တော်ပေါ်သို့ ပြန်လာကာ စေတီကို လက်ယာရစ်ပတ်ဖြစ်သည်။ တရားထိုင်နေသည့်သူများ၊ လမ်းလျှောက်နေသည့်သူများ၊ ရွတ်ဖတ်သရဇ္ဇယ်နေသည့်သူများ၊ ပုတီးစိပ်နေသည့်သူများဖြင့် ပြည့်နေပြီး ကိုယ့်မှာလူရှင်းသည့်နေရာရှာကာ ခဏထိုင်ဖြစ်လေသည်။ တောင်ပေါ်လေအေးအေးနှင့် သာယာလွန်းသည့် ဘုရားရိပ်မှာ ပကဓိ အေးချမ်းလှပေသည်။ ထို့နောက် လူရှင်းသည့်နေရာလေးရှာကာ မီနစ် ၃၀ခန့်တရားထိုင်ဖြစ်လေသည်။ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်ကြီးသည် ညဘက်မီးအရောင်တွင် ပိုမိုသပ္ပာယ်လှသည်။ အဝေးကကြည့်လျင် အနက်ရောင်နောက်ခံပေါ်တွင် ရွှေရောင်တဝင်းဝင်းဖြင့်သပ္ပာယ်လှသလို အနီးကပ်ကြည့်လျင် မြူတွေဆိုင်းနေသည့်ကြားမှ ကြည်ညိုဖွယ်ရာတွေ့မြင်ရပေသည်။ ဘုရားဖူးဧည့်သည်များ ရင်ပြင်တော်တွင် ဥဒဟိုလှုပ်ရှားသွားလာနေပြီး တစ်ချို့မှာ အိပ်စက်နေနေဖို့ နေရာထိုင်ခင်းများပြင်နေကြပေသည်။ အချိန်တော်တော်ကြာ ရင်ပြင်တော်တွင်ထိုင်နေမိသည်မှာ ညသန်းခေါင်ကျော်ထိပင်ရောက်သွားလေသည်။ အေးချမ်းလိုက်လေခြင်းပါ။

ဟိုတယ်ပြန်မည်ဟုထွက်လာပြီးနောက် ညသန်းခေါင်ထိ အလုပ်လုပ်နေသော အနှိပ်သမကိုမြင်သည်နှင့် သနားလည်းသနား ကိုယ့်ခြေတောက်လည်းနာနေသည်မို့ အနှိပ်ခံဖြစ်သည်။ ဆေးလိမ်းကာ နှိပ်ပေးသည်မှာ ၁၅မီနစ်ခန့်ကြာပြီးနောက် ခြေတောက်မှာလည်းတော်တော်သက်သာသွားပေသည်။ တောင်ပေါ်လေကြောင့် အေးသလိုရှိသမို့ စောင်ခြုံကာ စိတ်အေးချမ်းသာ အိပ်ယာဝင်ခဲ့လေသည်။

နေထွက်ချိန်ကြည့်ချင်လှသော ကိုယ့်မှာ မနက်၎နာရီအိပ်ယာကထကာ ရင်ပြင်တော်ပေါ်ထွက်လာခဲ့လေသည်။ ကိုယ့်ထက် ဝိရိယကောင်းသူများမှာ စည်စည်ကားကား နေထွက်ချိန်ကိုကြိုစောင့်နေကြပြီဖြစ်သည်။ တစ်နာရီခန့်အကြာ တောင်အထပ်ထပ်၊ တိမ်အလိပ်လိပ်ထဲမှ နေဝန်းနီနီထွက်လာသည်မှာ စာဖွဲ့ပြစရာမရှိအောင်ကိုပင် အသက်ရှူမှားမတတ် လှပလွန်းလှပေသည်။ နေထွက်ချိန်အလှကို တစ်ဝခံစားပြီးနောက် ရင်ပြင်တော်ပေါ်တွင် နံနက်ဆွမ်းဆက်ကပ်သူများဖြင့် စည်ကားနေပြန်သည်။

ဘုရားရှိခိုး၊ ဆွမ်းကပ်ပြီးနောက် မနက်စာစားရန် ဈေးဆိုင်တန်းဘက်ထွက်လာရာ စတုဒီသာနှင့်တိုးလေ၏။ ဘုရားဖူးဧည့်သည်များကို ပြုံးရွှင်သောမျက်နှာထားဖြင့် ချိုသာစွာလှမ်းခေါ်နေသည်မှာ မြန်မာပြည်မှာသာတွေ့မြင်နိုင်သော စိတ်ရင်းစေတနာကောင်းသည့်သူများဖြစ်သည်။ မုန့်ဟင်းခါး နှင့် အချိုပွဲ ဆနွင်းမကင်းကို ပြုံးရွှင်ပျူငှာစွာဧည့်ခံကျွေးမွေးသည့်အပြင် ကုန်တိုင်းထပ်ထည့်ပေးနေသဖြင့် မုန့်ဟင်းခါးနှစ်ပွဲနှင့် ဆနွင်းမကင်း လေးငါးတုံးခန့်စားခဲ့သည်။ ထိုနေ့က စားခဲ့ရသော မနက်စာမှာ စေတနာ သဒ္ဒါတရားကြောင့် တစ်သက်မမေ့နိုင်စရာ အရသာအရှိဆုံး မုန့်ဟင်းခါးနှင့် ဆနွင်းမကင်းဖြစ်ခဲ့ရသည်။

နောက်စိတ်ဝင်စားစရာတစ်ခုအဖြစ် ခေါင်းလောင်းပေါ်တွင်နာမည်ထွင်းကာ ကပ်လှူရသည့် အလှူဒါနတစ်ခုကိုပြုလုပ်ဖြစ်သည်။ ခေါင်းလောင်းအကြီးအသေးပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားနိုင်ပြီး နာမည်နှစ်လုံး၊ သုံးလုံး ရေးထွင်းနိုင်သည်။ စေတီတော်ကြီးတွင် ရွှေသင်္ကန်းကပ်လှူရန်သော်လည်းကောင်း၊ ခေါင်းလောင်းချိတ်ဆွဲရန်သော်လည်းကောင်း စေတီတော်ကြီး၏အတွင်းပုရဝုဒ်သို့ မိန်းမဝင်ခွင့်မပြုပေ။

ပျားပန်းခပ်မျှစည်ကားလှသော ဘုရားခရီးသည်များ တဖွဲဖွဲလာရောက်နေကြဆဲဖြစ်ပြီး ၄င်းတို့မှာ ရက်ပိုင်းအတွင်းကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲကို လာရောက်ကြခြင်းဖြစ်နိုင်သည်။

ရင်ပြင်တော်ပေါ်တွင်ခဏထိုင်၊ စေတီတော်ကြီးကိုလက်ယာရစ်ပတ်၊ ဘုရားရှိခိုးပြီးနောက် ဟိုတယ်မှ Check Out လုပ်ဖြစ်သည်။ ထို့နောက် ကားရပ်နားစခန်းသို့သွား၍ အဆင်းကားပေါ်တွင် နေရာယူကာ တောင်ခြေသို့ဆင်းလာခဲ့လေသည်။ ရန်ကုန်အပြန်ကားမှာ နေ့လည် ၂နာရီခန့်မှ စတင်ထွက်ခွာပြီး ည ၇နာရီခန့်တွင် ရန်ကုန်သို့ပြန်ရောက်လေသည်။

မစီစဉ်ဘဲသွားဖြစ်သော နှစ်ရက် တစ်ညအိပ်ခရီး၊ စနေ တနင်္ဂနွေနှစ်ရက်သည် အေးချမ်းမှုများနှင့်ပြည့်နှက်နေခဲ့ပြီး တနလာင်္ရုံးပြန်တက်ရန် အားအင်အသစ်များဖြင့်ပြည့်နှက်နေတော့သည်။ တစ်ခါရောက်ပြီး ထပ်ခါထပ်ခါသွားချင်သော ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်သို့ နှစ်ခေါက်ရောက်ပြီးဖြစ်သော်လည်း နောက်တစ်ခေါက် ထပ်သွားချင်မိပါသေးသည်။ အကယ်၍ အားလပ်ရက်လေးရသည်ဖြစ်စေ၊ စနေ တနင်္ဂနွေပဲအားသည်ဖြစ်စေ၊ တကူးတကအချိန်ပေးသွားချင်သည်ဖြစ်စေ ရန်ကုန်မှ ၅နာရီသာကြာသည့် သည်ခရီးလေးကို သွားဖြစ်အောင်သွားပြီး ဆိတ်ငြိမ်အေးချမ်းမှုကို ကြုံတွေ့ခံစားကြည့်စေချင်ပါသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ အေးချမ်းလှသော ကျိုက်ထီးရိုးစေတီတော်ကြီးမှာ အသက်ရှူမှားစရာ ရှုခင်းသာယာများနှင့်အတူ အမြဲတမ်းတည်ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။

===============================================================

ချောရဲ့ ခရီးသွားအကြံပြုချက်များ

  • လူရှင်းသည်ကိုကြိုက်ပါက ပွဲတော်ရက်များကိုရှောင်ပါ။
  • မသွားခင် ရာသီဥတုကိုစောင့်ကြည့်၍ သင့်တော်သည့် ထီး၊မိုးကာ၊ ဦးထုပ် စသည်တို့ကိုယူသွားပါ။
  • ပေါ့ပါးလွတ်လပ်သော အဝတ်အစားများကိုဝတ်ဆင်ပါ။ (ထမိန်၊ လုံချည် (သို့မဟုတ်) စကပ်အရှည်၊ ဘောင်းဘီရှည်၊ အနွေးထည်)
  • မသွားခင် ဟိုတယ်ဈေးနှုန်းကြိုတင်စုံစမ်း၍ လိုအပ်ပါက Booking တင်ပါ။ ရောက်မှစီစဉ်မည်ဆိုပါက မိမိတည်းလိုသော အခန်းအမျိုးအစားကို သေချာပြော၍ ဈေးညှိနှိုင်းပါ။

 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top