အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမှာ သွားလည်သင့်တဲ့နေရာများ (အပိုင်း ၄-နောက်ဆုံးပိုင်း)

( English Version )

၁၀။ Red Fort

ဒေလီမြို့ဟောင်းမှာတည်ရှိတဲ့ အနီရောင်ခံတပ်ကြီး Red Fort ဟာ မဂိုမင်းအဆက်ဆက် ဧကရာဇ်တွေနေထိုင်ရာနေရာဖြစ်ခဲ့ပြီး နိုင်ငံရေးဆိုင်ရာအခမ်းအနားတွေကျင်းပရာနေရာလည်းဖြစ်ခဲ့ပါတယ်။

မဂိုမင်းတစ်ပါးဖြစ်တဲ့ ရှာဂျဟန်က ၁၆၃၉ ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီး အနီရောင်သဲကျောက်များကိုသုံးပြီးတည်ဆောက်ထားတာကြောင့် အနီရောင်ခံတပ်ကြီးလို့အမည်တွင်ခဲ့တာပါ။ ခံတပ်ကြီးတစ်ခုလုံးရဲ့အတွင်းအပြင် ဗိသုကာလက်ရာတွေကတော့ အစ္စလမ်-အိန္ဒိယ ရောယှက်ထားတဲ့ ဗိသုကာလက်ရာတွေဖြစ်ပါတယ်။ ခံတပ်ကြီးရဲ့အဓိကဝင်ပေါက်ကြီးဖြစ်တဲ့ လဟိုးဝင်ပေါက်ကနေ ဝင်သွားရင်တော့ လက်မှုပစ္စည်းလေးတွေ၊ ကျောက်မျက်ရတနာလေးတွေရောင်းတဲ့ ဈေးဆိုင်တန်းတစ်ခုကိုမြင်ရမှာပါ။ ခံတပ်ကြီးအတွင်းမှာတော့ ရှေးဟောင်းသုတေသနဆိုင်ရာပြတိုက်တစ်ခု၊ အိန္ဒိယစစ်အောက်မေ့ဖွယ်ရာပြတိုက်တစ်ခု နဲ့ ၂၀ရာစုနေတွေတုန်းက ထင်ရှားကျော်ကြာခဲ့တဲ့ အာဇာနည်တွေရဲ့သွေးပန်းချီကားတွေပြထားတဲ့ ပြတိုက်တစ်ခု ရှိပါတယ်။

ခံတပ်ကြီးအတွင်းက အဆောက်အဦးတစ်ချို့က အနည်းငယ်သာပျက်စီးပြီး အကောင်းအတိုင်းသာရှိနေသေးပေမယ့် တစ်ချို့ကတော့ လုံးဝပျက်စီးစပြုနေပါပြီ။ ယနေ့ထက်တိုင် ခိုင်ခိုင်မာမာ မပျက်မစီးတည်ရှိနေတာတွေကတော့ မြို့ရိုးကြီးတစ်ခုလုံး၊ ဝင်ပေါက်ဂိတ်များ၊ ပရိသတ်တွေအတွက်ထားရှိတဲ့ ခန်းမကြီးများ၊ အရှေ့ဘက်မြစ်ကမ်းပါးပေါ်တစ်ဝိုက်မှာတည်ရှိတဲ့ ဧကရာဇ်တွေရဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။

ဒီခံတပ်ကြီးကိုတည်ဆောက်ခဲ့တဲ့ ဘုရင်ရှာဂျဟန်ကိုယ်တိုင်က ဒီအထဲမှာမနေခဲ့ရပေမယ့် မဂိုမင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်ဖြစ်သူဟာ ဗြိတိသျှတွေရဲ့ မြန်မာနိုင်ငံကိုပို့ဆောင်ပြီး အကျဉ်းသွင်းမခံရခင်မှာ ၁၈၅၈ ခုနှစ်အထိ ဒီ Red Fort မှာနေထိုင်ခဲ့ပါတယ်။

ဒေလီရဲ့အထင်ကရအမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ Red Fort ဟာ ထင်ရှားကျော်ကြားလှတဲ့ ခရီးသွားဆွဲဆောင်စရာနေရာတစ်ခုဖြစ်ပြီး နှစ်စဉ်ခရီးသွားပေါင်းများစွာလာရောက်လည်ပတ်လျက်ရှိပါတယ်။

Tips by Chaw

  • ဝင်ကြေးအနေနဲ့ နိုင်ငံခြားသားက ရူပီး ၅၀၀ ။ အိန္ဒိယနိုင်ငံသားကတော့ ရူပီး ၃၀ ပါ။
  • မနက်နေထွက်ချိန်ကနေ ညနေ နေဝင်ချိန်အထိ နေ့စဉ်ဖွင့်ပါတယ်။
  • ပြတိုက်တွေရဲ့ဖွင်လှစ်ချိန်ကတော့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ပါတယ်။
  • Red Fort ကိုသွားလည်မယ်ဆိုရင်တော့ အနီးအနားက ဒေလီမြို့ဟောင်းနဲ့ အောက်မှာဖော်ပြပေးမယ့် Jama Masjid Mosque တို့နဲ့ တစ်ခါတည်းပေါင်းပြီးလည်လို့ရပါတယ်။

၁၁။ Jama Masjid

နှစ်ပေါင်း ၃၆၁ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ Jama Masjid ဗလီကြီးကတော့ ဒေလီမြို့ဟောင်းနဲ့ Red Fort အနီးအနားမှာတည်ရှိပါတယ်။ တာ့ဂ်ျမဟာကိုတည်ဆောက်ခဲ့တဲ့ မဂိုမင်း ရှာဂျဟန်ကပဲ ဒီဗလီကြီးကို ၁၆၅၆ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာပါ။ ဒီဗလီကြီးက ဘယ်လောက်တောင်မှ ကြီးလဲဆိုရင် လူပေါင်း နှစ်သောင်းခွဲလောက်ကို နေရာချထားပေးနိုင်ပါသတဲ့။ ဗလီကြီးမှာ ဝင်ပေါက်သုံးခုပါရှိပြီး၊ တာဝါ လေးခု၊ မီတာ ၄၀မြင်တဲ့ မျှော်စင်နှစ်ခုပါရှိပါတယ်။ ချောတို့သွားလည်တုန်းက ဝင်ခဲ့တဲ့ တောင်ဘက်ဝင်ပေါက်မှာဆိုရင် လှေကားထစ်ပေါင်း ၃၃ ထစ်ရှိပါတယ်။ အိန္ဒိယမှာရှိတဲ့ အကြီးဆုံးဗလီတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ ဒီဗလီကြီးဟာ အစ္စလမ်ဗိသုကာလက်ရာတွေနဲ့ အနီရောင်သဲကျောက်တွေ၊ အဖြူရောင်စကျင်ကျောက်တွေကို အသုံးပြပြီးတည်ဆောက်ထားတာပါ။

မဂိုမင်းဆက်တွေရဲ့ နောက်ဆုံးဗိသုကာလက်ရာတစ်ခုဖြစ်တဲ့ Jama Masjid ဗလီကြီးဟာ လှပသေသပ်လှတဲ့ဗိသုကာလက်ရာတွေကြောင့် ထင်ရှားကျော်ကြားလှတဲ့ ခရီးသွားတွေကိုဆွဲဆောင်နိုင်လှတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

Tips by Chaw

  • ဝင်ကြေးပေးဆောင်ဖို့မလိုပေမယ့် ကင်မရာယူသွားမယ်ဆိုရင်တော့ ရူပီး ၃၀၀ ပေးရမှာပါ။ အစောင့်တွေက တောင်းရင်လည်း လိုအပ်သလို ပေးရဦးမှာပါ။
  • သူတို့ဆုတောင်းဝတ်ပြုချိန်တွေဆိုရင် အထဲဝင်ခွင့်၊အပေါ်တက်ခွင့် မပြုတတ်တာမို့ ညနေဘက်ဆုတောင်းချိန်၊ သောကြာနေ့ဆုတောင်းချိန်တွေကိုရှောင်ပါ။
  • Red Fort နဲ့ ဒေလီမြို့ဟောင်းက အနီးအနားမှာပဲမို့ Jama Masjid ကိုပါထည့်ပေါင်းပြီးလည်လို့ရပါတယ်။
  • ဗလီဖြစ်တဲ့အတွက် လုံလုံခြုံခြုံဝတ်စားဖို့လိုပါတယ်။
  • အပြင်ဝင်ပေါက်မှာ ဖိနပ်ချွတ်ခဲ့ဖို့မမေ့နဲ့နော်။
  • မနက် ၇နာရီကနေ ညနေ နေဝင်ချိန်ထိဖွင့်ပါတယ်။

ဒေလီမှာသွားလည်သင့်တဲ့နေရာတွေ Places You must visit in Delhi ဆိုပြီး ချော ဖော်ပြခဲ့တာ အခုဆိုရင် လေးပိုင်းမြောက်ပါ။ ဒီ Part 4 က နောက်ဆုံးပိုင်းဖြစ်လို့ ဒေလီမှာသွားလည်သင့်တဲ့နေရာတွေအကြောင်း ဒီမှာတင် ပြီးပါပြီရှင်။


 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top