Weekend Getaways from Yangon မွန်းကျပ်လွန်းတဲ့ရန်ကုန်ကနေရုန်းထွက်ကြမယ်။

မင်္ဂလာပါရှင့်။

စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ရန်ကုန်မြို့မှာပဲဖြစ်ဖြစ်၊ ရန်ကုန်မြို့အနီးအနားက နေရာလေးတွေကိုပဲဖြစ်ဖြစ် သွားလည်လို့ရတဲ့ Weekend Getaways လေးတွေကို Share ချင်ပါတယ်ရှင်။

တစ်ပတ် ငါးရက် ရုံးတက်၊ ကျောင်းသွား၊ သင်တန်းတက်နဲ့ ရန်ကုန်မြို့ကြီးမှာနေရတာဟာ တနည်းနည်းနဲ့တော့ စိတ်ပင်ပန်း ငြီးငွေ့ကြတာပါပဲ။ ချောကတော့ များသောအားဖြင့် စနေ၊ တနင်္ဂနွေဆို အသားကုန်အိပ်ပစ်၊ အိပ်ရေးဝရင် စာအုပ်လေးဖတ်နဲ့ အနားယူဖြစ်တာများပါတယ်။ ဒါပေမယ့် ကိုယ်က လျှောက်လည် လျှောက်ကြည့် နေရာသစ်လေးတွေကို စူးစမ်းချင်တတ်သူမို့ စနေ တစ်ရက်တည်း ဒါမှမဟုတ် စနေ၊ တနင်္ဂနွေ နှစ်ရက်စလုံး အချိန်ပေးပြီး ရန်ကုန်မြို့အနီးအနားက နေရာလေးတွေကိုသွားလည်ဖြစ်ခဲ့ပါတယ်။

ချောရောက်ခဲ့ဖူးတဲ့ နေရာလေးတွေထဲကမှ တကယ်လည်း စိတ်အပန်းပြေပြီး အားလပ်ရက်ကို အကျိုးရှိရှိအသုံးချရကျိုးနပ်တဲ့နေရာလေးတွေကို ရွေးပြီးဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဘားအံ (Hpa-An, Kayin State)

ကရင်ပြည်နယ်၊ ဘားအံဟာ သဘာဝလှိုဏ်ဂူတွေ၊ အေးချမ်းလှတဲ့ တောတောင်ရေမြေသဘာဝအလှတရားတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ကိုယ်တိုင်စီစဉ်ဖို့အချိန်မရတာမို့ သောကြာနေ့ည ရန်ကုန်က ထွက်ပြီး စနေနေ့ညပြန်ရောက်မယ့် Tour ခရီးစဉ်ကိုရွေးလိုက်ပါတယ်။ ဈေးနှုန်းကတော့ အပြီးအစီး သောင်းဂဏာန်းပဲပေးရပါတယ်။

ဘားအံတစ်ခွင်ရောက်ခဲ့တဲ့နေရာတွေကတော့ –

၁။ လှလွန်းတဲ့ နောက်ခံရှုခင်းနဲ့အတူ မနက်စောစောဖူးမျှော်ခဲ့ရတဲ့ ရွှေယဉ်မျှော်ဘုရား (ဖားနဲ့နဂါးဘုရား)

၂။ ဘားအံမြို့ရဲ့ အထင်ကရ ကန်သာယာ view point

၃။ ဇွဲကပင်တောင်ခြေက လုမ္ဗ္ဗ္ဗ္ဗိနီဥယျာဉ်နဲ့ ဗောဓိတစ်ထောင်

၎။ သာမညဆရာတော်ဘုရားရဲ့ သာသနာ့နယ်မြေဖြစ်တဲ့ ကျောက်ကလပ်စေတီ

၅။ သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်တဲ့ ဆန္ဒန်ဂူ ကိုတအံ့တသြငေးမောပြီးသကာလ အေးစိမ့်စိမ့်ရေပြင်ပေါ် သစ်ထွင်းလှေလေးစီး ဂူအောက်လေးကဖြတ်ရတဲ့ တစ်သက်မမေ့နိုင်ရာ အမှတ်တရ

၆။ ထူးဆန်းအံ့သြဖွယ်ရာများနဲ့ သဘာဝလှိုဏ်ဂူဖြစ်တဲ့ ရသေ့ပြန်ဂူ

၇။ ရှေးဟောင်းအုတ်ခွက်ဘုရားတွေကိုဖူးမြင်ရတဲ့ ကော့ကသောင်ဂူ

၈။ တစ်နေ့တာပင်ပန်းသမျှယူပစ်သလိုပျောက်စေတဲ့ ဘုရင့်ညီဂူ နဲ့ ရေပူစမ်း၊  စတဲ့ နေရာတွေရောက်ဖြစ်ခဲ့ပါတယ်။

မပျက်မစီးတည်ရှိနေတဲ့ သဘာဝအလှတရားတွေရှိရာ ဘားအံမြေက သဘာဝကိုချစ်မြတ်နိုးသူတွေအဖို့ အမြဲတမ်းအမှတ်ရစရာ ခရီးတစ်ခုဖြစ်စေမှာအမှန်ပါ။

 

၂။ ပြည် (Pyay)

အကောက်တောင် နဲ့ ပြည်က အထင်ကရ ဘုရားတွေကိုဖူးမြင်ခွင့်ရခဲ့တဲ့ ခရီးကတော့ သောကြာနေ့ ရန်ကုန်ကထွက်ပြီး စနေညပြန်ရောက်တဲ့ ခရီးလေးပါ။ ပြည်မှာ ချော အဓိက ရောက်ဖူးချင်တာက အကောက်တောင်ပါ။ တကယ့်ကိုသာယာလှပလွန်းပါတယ်။ ပထမဆုံး ဧရာဝတီမြစ်ထဲကို ရောက်ဖူးတဲ့အတွေ့အကြုံ၊ လှေစီးရတဲ့အတွေ့အကြုံ၊ မတ်စောက်လှတဲ့တောင်တက်ခရီး၊ တောင်နံရံကမ်းပါးတစ်လျှောက် အံ့မခန်းဖွယ်ရာ ထွင်းထုထားတဲ့ ဘုရားများ စတဲ့ အတွေ့အကြုံကောင်းတွေကြောင့် ပြည်ခရီးဟာလည်း စိတ်ချမ်းသာဖွယ်ရာအတိပြီးခဲ့ပါတယ်။

ပြည်တစ်ခွင် ရောက်ခဲ့တဲ့နေရာတွေကတော့ –

၁။ သရေခေတ္တရာမြို့ဟောင်းက ဘောဘောကြီးဘုရား

၂။ ရွှေတောင်မြို့က ရွှေမျက်မှန်ဘုရား

၃။ ဧရာဝတီမြစ်ကို လှေလေးနဲ့ဖြတ်ရင်း တောင်နံရံကမ်းပါးမှာ ထွင်းထုထားတဲ့ ဘုရားများကိုဖူးမြင်ရတဲ့ အကောက်တောင်

၎။ ရဟန္တာ ( ၈၀ )

၅။ ဆယ်ထပ်ကြီးဘုရား

၆။ ရွှေဆံတော်ဘုရား

၇။ ကမ္ဘာ့အမွေအနှစ်စာရင်း သရေခေတ္တရာ ပျူမြို့ဟောင်း၊ စတဲ့နေရာတွေရောက်ဖြစ်ခဲ့ပါတယ်။

ချောသွားတုန်းက Tour Package နဲ့သွားတာမို့ ကိုယ်နားချင်သလို၊ ကိုယ်အချိန်ယူချင်သလို မယူခဲ့ရတာမို့ နည်းနည်းတော့ ပင်ပန်းပါတယ်။ ပြည်က နာမည်ကြီး ကြက်သောက်ဆမ်းကိုလည်း မြည်းစမ်းခွင့်ရခဲ့သလို အကောက်တောင်ရဲ့အလှ၊ သမိုင်းဝင်ဘုရားတွေဖူးခဲ့ရတဲ့ ကြည်နူးမှုတွေကြောင့် အဓိပ္ပာယ်ရှိရှိ လှပတဲ့အားလပ်ရက်လေးဖြစ်စေခဲ့ပါတယ်။

 

 

၃။ ကျိုက်ထီးရိုး (Golden Rock)

ကျိုက်ထီးရိုးကိုတော့ စနေနေ့မနက် အောင်မင်္ဂလာကားဂိတ်သွား၊ လက်မှတ်ဝယ်ပြီး ထွက်သွားလိုက်တာပါပဲ။ တောင်ခြေရောက်တော့ တနင်္ဂနွေနေ့လည်အပြန်အတွက် လက်မှတ်ဝယ်ပြီးနောက် တောင်ပေါ်ကို ကားနဲ့တက်၊ တည်းဖို့နေရာရှာ၊ ရတော့မှ အေးဆေးဘုရားဖူးပါတယ်။ ရာသီဥတုကလည်းသာယာ၊ ရှုခင်းတွေကလည်း အရမ်းလှ၊ ဆိတ်ငြိမ်အေးချမ်းမှုကလည်းရှိ၊ ဘုရားရိပ်ကလည်းဖြစ်သမို့ ဒီ တစ်ညအိပ် နှစ်ရက်ခရီးစဉ်လေးက စိတ်အေးချမ်းမှုအပြည့်ရရှိခဲ့ပါတယ်။

(ချောရဲ့ ကျိုက်ထီးရိုးခရီးသွားအတွေ့အကြုံ အကြောင်း အပြည့်အစုံဖတ်ရန် http://chawsuthwe.com/2017/08/8aug )

တစ်ခေါက်ရောက်ပြီး ထပ်ခါထပ်ခါသွားချင်လောက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ ကျိုက်ထီးရိုးဟာ စိတ်အေးချမ်းမှုအပြည့်အဝပေးနိုင်တဲ့ ခရီးလေးမို့ တနင်္လာရုံးတက်ဖို့ အားအင်အသစ်တွေအပြည့်ရမှာအမှန်ပါ။ စနေ၊တနင်္ဂနွေနှစ်ရက် အချိန်ပေးပြီးသွားရတာနဲ့ ထိုက်တန်လွန်းတဲ့ အတွေ့အကြုံရမှာ အသေအချာပါ။

 

၎။ ပုဂံ – ပုပ္ပါး (Bagan – Popa )

တို့အားလုံးရဲ့ ပုဂံကတော့ “မြန်မာမှန်၊ ပုဂံရောက်ရမည်” ဆိုတဲ့စကားအတိုင်း မဖြစ်မနေသွားလည်သင့်တဲ့နေရာတစ်ခုပါ။ ကြီးမြတ်တဲ့ ပုဂံ၊ နန်းဆန်တဲ့ ပုဂံ က သိပ်ကိုလှလွန်းပါတယ်။ အညာနွေပူသမို့ ပေါ့ပေါ့ပါးပါး၊ လုံလုံခြုံခြုံ လေးတွေဝတ်သွားဖို့ ရေဗူးလေးတွေဆောင်သွားဖို့ မှာပါရစေရှင်။

ချောက သွားမယ်ဆို ဒီလိုပဲ ဝုန်းဒိုင်းထသွားတတ်သူမို့ သောကြာနေ့ မနက် လှည်းတန်းမီးပွိုင့်က ရွှေပြည်သစ်မှာ ပုဂံမင်းသားကားလက်မှတ် အသွားအပြန်ဝယ်လိုက်ပါတယ်။ သောကြာနေ့ည ရန်ကုန်ကထွက်ပြီး ပုဂံကို စနေနေ့ မနက်စောစောရောက်ပါတယ်။ တည်းမယ့်ဟိုတယ်ကတော့ ဟိုရှာဒီရှာ ရှာထားတာတွေထဲကမှာ နန်းအိမ်သူမှာ တည်းဖြစ်ပါတယ်။ ချောကတော့ တစ်နေကုန် လျှောက်ဒိုးပြီး ညဘက် ကျောချရရုံလေးပဲ တည်းဖို့နေရာလိုတာမို့ ဈေးကြီးတဲ့ဟိုတယ်တွေ၊ ခမ်းနားကြီးကျယ်တဲ့ဟိုတယ်တွေမှာ မတည်းဖြစ်တာများပါတယ်။ ဟိုတယ်နန်းအိမ်သူလေးကတော့ သန့်သန့်ပြန့်ပြန့်လေးနဲ့ ဝန်ဆောင်မှုကောင်းသလို ဈေးကလည်း တော်သင့်ရုံလေးပါ။ ခဏနားပြီးတော့

ဟိုတယ်ကနေထွက်လိုက်တယ်ဆိုရင်ပဲ မျက်စောင်းထိုးနားလေးမှာ E-bike ငှားတဲ့ဆိုင်လေးကိုတွေ့ပါတယ်။ တစ်စီး တစ်နေကုန်ငှားမှ ငါးထောင်ကျပ်ပဲပေးရပါတယ်။ အားကုန်သွားရင် ဖုန်းသာဆက်လိုက်ပါဆိုပြီး ဖုန်းနံပါတ်သေချာပေးပါတယ်။ ချောက ဘယ်ဘုရားတွေကိုဖူးရမယ် ဘာညာ သတ်မှတ်ထားတာမရှိတဲ့သူမို့ ဆိုင်ရှင်ဦးလေးကြီးက လမ်းပျောက်မယ် သမီး၊ မြေပုံလေးတော့ယူသွား ဆိုပြီး ပုဂံမြေပုံစာရွက်ချပ်ကြီးကိုပေးလိုက်ပါသေးတယ်။

မြေပုံတစ်ချပ်၊ E-bike တစ်စီးနဲ့ တွေ့သမျှ ဘုရားအကုန်ဖူးပါတယ်။ နာမည်ကြီးဘုရားတွေလည်းပါသလို၊ ဂျောင်ထဲကဘုရားအစုံလည်းဖူးပါတယ်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်းမှာ လျှောက်လည်ရတာဟာ တကယ့်ကိုကြည်နူးဖွယ်အတိပါ။ ရေလေးသောက်၊ အရိပ်ရတဲ့နေရာလေးတွေမှာနား၊ တွေ့သမျှ မြင်သမျှ ဘုရားအကုန်ဝင်၊ ရှုခင်းလေးတွေကြည့်၊ အဆင်ပြေတဲ့ဆိုင် ဝင်စား၊ ဘယ်သွားရမှန်းမသိရင် မြေပုံကြည့်ပြီး ပြန်ထွက် နဲ့ တကယ့်ကို ရောက်တတ်ရာရာပါပဲ။ နေဝင်ချိန်ကြည့်၊ ညစာစားပြီး E-bike အပ်တော့ ည ၈နာရီကျော်လောက်ရှိပါပြီ။ မောမောနဲ့အိပ်ပျော်သွားပြီး မနက် ၇နာရီအိပ်ယာကနိုးတော့ မနက်စာကို ဟိုတယ်က ရှယ်ပြင်ကျွေးတဲ့ဟာတွေ တစ်ဝစားပါတယ်။ နောက်ပြီးတော့ ပုပ္ပါးသွားချင်တာမို့ ဟိုတယ် reception အမကြီးကိုအကူအညီတောင်းပြီး taxi booking လုပ်ခိုင်းလိုက်ပါတယ်။

နေ့လည်လောက် ပုပ္ပါးကိုရောက်ပါတယ်။ လှေကားထစ်တွေကိုတက်ရတာ မောတော့မေပေမယ့် အပေါ်ရောက်တဲ့အခါ မြင်ရတဲ့ မြင်ကွင်းကို ရင်သပ်ရှုမောဖွယ်ရာပါ။ ခဏနား အမောဖြေ ရှုခင်းကြည့်ပြီးနောက် အောက်ကိုပြန်ဆင်းလာပြီး ပုဂံက ကားဂိတ်ရှိရာကို တန်းလာခဲ့ပါတယ်။ ကားဂိတ်ကိုရောက်တော့ ညနေခင်းရှိပါပြီ။ ရန်ကုန်ပြန်မယ့်ကားက ညဘက်ထွက်ပြီး ရန်ကုန်ကို မနက်စောစောပြန်ရောက်ပါတယ်။

E-bike တစ်စီး၊ မြေပုံတစ်ချပ်နဲ့ ရောက်တတ်ရာရာလျှောက်သွားရင်း တွေ့သမျှဘုရားအစုံဖူးခဲ့ရတာက တစ်သက်တာ မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုပါ။ ကိုယ်တွေရဲ့ အသည်းနှလုံး ရှေးဟောင်းမြို့ ပုဂံကိုရောက်အောင်သာသွားပြီး ကိုယ်ပိုင်အတွေ့အကြုံလေးတွေဖန်တီးယူကြပါဦးလို့။

 

၅။ ထောက်ကြန့်စစ်သင်္ချိုင်း (Taukkyan War Cemetery)

တနင်္ဂနွေနေ့ ပျင်းပျင်းရှိတာနဲ့ ဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်း ထောက်ကြန့်ကိုတွေးမိပါတယ်။ ဆူးလေကနေ bus ကား နှစ်ဆင့်စီးရင်း ထောက်ကြန့်ကိုနေ့လည်ခင်းလောက်ရောက်ပါတယ်။ ထောက်ကြန့်စစ်သင်္ချိုင်းမှာက ဘာမှတော့ မယ်မယ်ရရမရှိပေမယ့် ဓါတ်ပုံရိုက်ရင်အရမ်းလှပါတယ်။ အုတ်ဂူလေးတွေပေါ်က နာမည်တွေကိုဖတ်ကြည့်ရင်း၊ ဓါတ်ပုံလေးတွေရိုက်ရင်း၊ အပန်းဖြေအနားယူရင်း၊ နာရီပိုင်းမျှအချိန်ဖြုန်းလို့ရတဲ့နေရာလေးတစ်ခုပါ။ နေပူတာမို့ ထီး၊ဦးထုပ် တစ်ခုအကာအကွယ်ယူသွားဖို့နဲ့ ရေဗူးလေးအမြဲဆောင်ထားဖို့မှာချင်ပါတယ်။

 

၆။ သန်လျင်-ကျောက်တန်း-တိုင်းရင်းသားကျေးရွာ (Thanlyin – Kyauktan – National Races Village)

ကျောက်တန်းရေလယ်ဘုရားကိုတော့ တော်တော်များများရောက်ဖူးပြီးသားဖြစ်မှာပါ။ တစ်ရက်လောက်အချိန်ပေးရင် မွန်းကျပ်လွန်းတဲ့ ရန်ကုန်မြို့ကနေ သိပ်လည်းမဝေး သိပ်လည်းမနီးတဲ့ သန်လျင် ကျောက်တန်းကို ဆူးလေကနေ bus ကားနှစ်ဆင့်စီးတာနဲ့ရောက်ပါတယ်။ အသွားအပြန် ပိုက်ဆံ ၈၀၀ ပဲကုန်ပြီး စိတ်လည်းအပန်းပြေမှာပါ။ မြို့ပြကြီးကိုချန်ထားခဲ့ပြီး သန်လျင်မြို့ကိုရောက်တယ်ဆိုရင်ပဲ ပတ်ဝန်းကျင်လေးတွေကအစပြောင်းလည်းလာပြီး ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်းစိုစိုလေးတွေနဲ့ တဒင်္ကစိတ်အပန်းပြေစေမှာပါ။

ဘယ်အချိန်ရောက်ရောက် အမြဲတမ်း မပြောင်းမလဲရှိနေတာကတော့ ကျောက်တန်းရေလယ်ဘရားပါပဲ။ ဘုရားဖူး၊ ငါးစာကျွေး၊ ဘုရားရင်ပြင်မှာခဏနားပြီးတော့ အပြန်မှာ ထမင်းစား၊ အုန်းရည်သောက်ရင်းနဲ့ လေတစ်ဝှီးဝှီးကိုခံစားရင်း အနားယူနိုင်ပါသေးတယ်။

ကျောက်တန်းရေလယ်ဘုရားကအပြန်ကျတော့ တိုင်းရင်းသားကျေးရွာရောက်ရင် bus ပေါ်ကနေ ဆင်းနေခဲ့ပြီး စက်ဘီးငှား၊ စိမ်းညှို့ညှို့ အပင်ဆိုင်းဆိုင်းတွေကြား စက်ဘီးပတ်စီးရင်း၊ ကိုယ်နားချင်တဲ့ နေရာနား၊ ကိုယ်ကြည့်ချင်တဲ့ တိုင်းရင်းသား အိမ်လေးတွေဝင်ကြည့်၊ သံလျင်မြစ်ကမ်းနားသွားပြီး ဒီရေတောတွေကြည့်၊ လေညှင်းခံရင်း ဓါတ်ပုံရိုက်၊ တကယ်စိတ်အပန်းပြေစေမှာပါ။

စနေဖြစ်ဖြစ်၊ တနင်္ဂနွေဖြစ်ဖြစ် တစ်ရက်လေးအချိန်ပေးပြီး သံလျင် ကျောက်တန်း တိုင်းရင်းသားကျေးရွာကိုသွားလည်ရင်း စိတ်အပန်းဖြေအနားယူကြပါဦးလို့။

 


အောက်မှာဖော်ပြပေးမယ့် နေရာလေးတွေ Activity လေးတွေကတော့ အများသိပြီးသားဖြစ်မှာပါ။ ရန်ကုန်မှာနေကြတဲ့သူတွေအကုန်လုံး လုပ်ဖြစ်တဲ့အရာလေးတွေပါပဲ။

၁။ ရွှေတိဂုံကို မနက်စောစောသွား ဘုရားဖူးပြီး ရွှေတိဂုံဝန်းကျင်က ဘုရားတွေကိုဖူးတာမျိုး

(ဥပမာ- ကြေးသွန်းဘုရား၊ မဟာဝိဇယစေတီ၊ အစရှိသည်ဖြင့်)

ဘုရားတွေဖူးရင်း အနီးအနားက ပန်းခြံလေးတွေကပေါသမို့ အေးအေးဆေးဆေး အနားယူလို့ရပါသေးတယ်။ စာဖတ်ရတာဝါသနာပါသူတွေကတော့ တကယ့်ဇိမ်ပါပဲ။ စာအုပ်လေးယူသွားပြီး စာထိုင်ဖတ်ရင်း ရွှေတိဂုံဘုရားကိုအဝေးကဖူးမျှော်ရင်းလည်း ပန်းခြံတွေထဲမှ အပန်းဖြေနားနေကာ တစ်နေ့တာ ကုန်ဆုံးစေလို့ရပါတယ်။

၂။ တိရစ္ဆာန် ဥယာဉ် နဲ့ ကန်တော်ကြီးပန်းခြံ

တိရစ္ဆာန်ချစ်သူ ချော အမြဲတမ်းရောက်ဖြစ်တဲ့နေရာလေးပေါ့။ သူတို့လေးတွေကိုလည်း အစာကျွေးရင်း၊ အကောင်ပလောင်အစုံကို လျှောက်ကြည့်ရင်း သစ်ရိပ်ဝါးရိပ်လေးတွေမှာ အနားယူအပန်းဖြေရင်းပေါ့။ တိရစ္ဆာန်ဥယာဉ်မှာ လျှောက်ကြည့်ပြီးသွားရင် ကန်တော်ကြီးထဲကိုဝင် သစ်သားတံတားတွေပေါ်လမ်းလျှောက်ရင်း ခဏအချိန်ဖြုန်းနိုင်ပါသေးတယ်။ ချောက ရေကူးရတာဝါသနာပါသူမို့ ကန်တောကြီးထဲက ရေကူးကန်မှာ weekend တိုင်းလိုလို ရေကူးဖြစ်ပါတယ်။ သုံးနာရီလောက်ရေကူးပြီးရင် အာလူးကြော်ဖြစ်ဖြစ်၊ ဘယာကြော်ဖြစ်ဖြစ်ဝယ်စားရင်း ဗိုက်ဖြည့်၊ ဒီလိုနဲ့ ညနေစောင်းရော။

ကိုယ်ချစ်တဲ့ တိရစ္ဆာန်လေးတွေကိုလည်း ကြည့်ရ အစာကျွေးရ၊ ကိုယ်ဝါသနာပါတဲ့ ရေလည်းကူးရဆိုတော့ တစ်နေ့တာလေးက ပြီးပြည့်စုံနေတာပါပဲ။

၃။ ဗိုလ်တစ်ထောင်ကမ်းနားမှာလေညှင်းခံပြီး ဒလ ဘက်ကိုကူးရင်း ဇင်ယော်လေးတွေအစာကျွေးကြမယ်

ဗိုလ်တစ်ထောင်ဘုရားကတော့ တော်တော်များများရောက်ဖူးပြီးသားဖြစ်မှာပါ။ အခုဆို ဗိုလ်တစ်ထောင်ကမ်းနားမှာ လမ်းဘေးဆိုင်လေးတွေပေါလာသမို့ ကမ်းနားကိုသွားရင်း လေညှင်းခံ၊ ကိုယ်ကြိုက်တာလေးတွေဝယ်စားရင်းနဲ့ အားလပ်ရက်လေးကို စိတ်အေးချမ်းသာ အချိန်ဖြုန်းလို့ရပါသေးတယ်။

နောက်တစ်ခုက ဒလဘက် ဇက်သဘောင်္နဲ့ကူးတာ။ ချောကတော့ ပန်းဆိုးတန်းဆိပ်ကမ်းကနေ ဇက်စီးပါတယ်။ အသွားအပြန်လက်မှတ်တစ်ခါတည်းဝယ်လိုက်ပြီး ဇက်ပေါ် နေရာယူ ဇင်ယော်လေးတွေကိုကျွေးဖို့အစာဝယ်ပါတယ်။ လေတစ်ဖြူးဖြူးနဲ့ ရန်ကုန်မြစ်ပေါ်ဖြတ်ရင်း ဇင်ယော်လေးတွေ ဇက်နောက်လိုက်လာတဲ့အခါ သူတို့ကိုအစာလေးတွေပစ်ကျွေးရင်း ပျော်ရွှင်မှုတစ်ခုရစေပါတယ်။

၎။ ပြည့်သူရင်ပြင် – ဟက်ပီးဝေါလ်

ဒါကတော့ အဆော့တစ်လိုင်းလိုဆိုရမလားပဲ။ ပြည့်သူရင်ပြင်ထဲက ဆော့လို့ရတဲ့ဟာ အကုန်မှန်သမျှ တိုက်ကားတွေ၊ မိကျောင်းရေလွှာလျှောတွေ အကုန်ဆော့ မောသွားရင် ရင်ပြင်ထဲက လှူရှင်းတဲ့နေရာရှာပြီးနားနဲ့ တကယ့်ပျော်စရာကြီးပါ။ ပြီးသွားရင် ဟက်ပီးဝေါလ်ကိုသွားပြီး သရဲအိမ်ကိုဝင်၊ သရဲရထားစီး၊ ကိုယ်ကြိုက်တာကိုယ်ဆော့။ ပြီးသွားရင် အပြင်ဘက်က ဘဲလှေကို ခြေညောင်းခံပြီးသွားနင်းစီး ၊ မောသွားရင်း အရိပ်ရှာပြီးနား မုန့်စားနဲ့ တစ်နေကုန် ဆော့လိုက်တာ ခြေကုန်လက်ပန်းကိုကျရောပဲလေ။

ကိုယ့်တစ်နေ့တာ အားလပ်ရက်လေးကို ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးချင်ရင်တော့ ပြည်သူ့ရင်ပြင်နဲ့ ဟက်ပီးဝေါလ်ကိုသာသွားပြီး ဆော့ကြပါလို့။ ရုပ်ရှင်ကြိုက်တတ်ရင်လည်း နီးရာ ရုပ်ရှင်ရှုံမှာ တွေ့ရာ ကားကိုသာဝင်ကြည့်လိုက်လို့ရတယ်။ ဘာမှစီစဉ်စရာမလိုပဲ ကိုယ်လုပ်ချင်တာတွေလုပ် သွားချင်ရာတွေသွားရတာမျိုးကလည်း သိပ်ကိုလွတ်လပ်ပေါ့ပါးတာမျိုးလေနော်။

 

ရန်ကုန်မြို့တွင်းမှာဖြစ်ဖြစ်၊ မြို့ပြင်ဘက်ထွက်ပြီးပဲဖြစ်ဖြစ် လုပ်စရာ Activity တွေ၊ လည်စရာ နေရာတွေ အများကြီးတွေထဲကမှ ချော လုပ်ခဲ့ဖူးတဲ့ သွားခဲ့ဖူးတဲ့ နေရာလေးတွေကို ပြန်လည်အမှတ်ရ တမ်းတရင်း ဒီ Post ကိုရေးဖြစ်ပါတယ်ရှင်။

With love,

ချစ်ခင်စွာဖြင့်

အဝေးတစ်နေရာက

Chaw

ချော <3

31.Aug.2017 (7:48 IST)

4 thoughts on “Weekend Getaways from Yangon မွန်းကျပ်လွန်းတဲ့ရန်ကုန်ကနေရုန်းထွက်ကြမယ်။”

    1. These sticks are a kind of prayer sticks. People believe that their lives will be longer and will be remained healthy when they put there.

Leave a Reply to anon Cancel Reply

Your email address will not be published. Required fields are marked *

Scroll to Top